■ ရခိုင်တွင် ဝင်ငွေမရှိ၍ ရွှေရောင်းသူများပြားနေပြီး ရွှေဆိုင်များတွင် ငွေပြတ်လပ်
Western News| ဖေဖော်ဝါရီ ၂၀
ရခိုင်ပြည်တွင် ရွှေဝယ်ယူသူမရှိဘဲ ရွှေရောင်းချသူများပြားလာ၍ ရွှေဆိုင်များတွင် ငွေပြတ်လပ်သွားကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ရွှေဈေးမတည်ငြိမ်မှု အပါအဝင် ရွှေဈေးမြင့်တက်လာခြင်းနှင့် အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ၍ သုံးစရာငွေ လိုအပ်သောကြောင့် ရွှေရောင်းချသူများပြားလာကြကြောင်း မြောက်ဦးမြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ရွှေက ရောင်းတဲ့သူတွေပဲ များတယ်။ ဝယ်တဲ့သူဆိုတာ မရှိဘူး။ အရင်က တစ်ရက် ၁၀ ကျပ်အထိ ရောင်းခဲ့ရပေမဲ့ အခုက တစ်မတ်လောက်တောင် မရောင်းရဘူး။ အဲ့ဒါကြောင့် ဆိုင်တွေမှာ ငွေက ပြတ်သွားကြတာပါ” ဟု ပြောသည်။
ရွှေဆိုင်များတွင် ငွေ ပြတ်လပ်သွား၍ ရွှေရောင်းမည့်သူများမှာ စောင့်ဆိုင်းနေရသည့် အခက်အခဲကို ရင်ဆိုင်နေရသည်ဟု အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကိုယ့်ရွှေကိုယ် သွားရောင်းတာတောင် ရောင်းမရဘူး။ ရွှေဆိုင်တွေက ပိုက်ဆံမရှိဘူးတဲ့။ တစ်ချို့ဆိုင်တွေဆို အခုရက်ပိုင်းမဝယ်တော့ဘူးတဲ့။ တစ်ချို့ဆိုင်ကျတော့ စောင့်ရမယ်တဲ့။ အဲလို ပြောနေကြပါတယ်။ အဓိကတော့ ငွေပြတ်သွားလို့ပါ” ဟု ပြောသည်။
ယမန်နေ့ ရန်ကုန် ရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်ရာ့လေးသိန်းရှစ်သောင်း ကျပ် (10480000 Ks) ရှိခဲ့ပြီး ရခိုင်ပြည်တွင်လည်း ယင်းဈေးနှုန်းဖြစ်ကာ အချို့ရွှေဆိုင်များမှာ ကျပ် သောင်းဂဏန်း ဝန်းကျင် အတိုးအလျော့ ပြုလုပ်ကြကြောင်းလည်း သိရသည်။
ရခိုင်ပြည်မှာ အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသခံပြည်သူများမှာ ရွှေမဝယ်ယူနိုင်ကြဘဲ ယခင်က စုဆောင်းထားသော ရွှေများအား ထုတ်ရောင်းချ၍ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု သိရသည်။
ရခိုင်ပြည်တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှာ ငွေသားရှားပါးသည့် ပြဿနာကို နေ့စဉ် ရင်ဆိုင်နေရကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောဆိုကြသည်။