BNRA တပ်ဖွဲဝင်အချို့ PDFထံ ပူးပေါင်း
ဖေဖော်ဝါရီ−၁၈၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာဗိုလ်နဂါးဦးဆောင်တဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)တပ်ဖွဲ့ဝင်အချို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ထံ ပူးပေါင်းလာတယ်လို့ သ
တင်းရရှိပါတယ်။
” မနေ့က ကလေး ၉ယောက်က သေနတ် ၄လက်နဲ့ ကျည်တွေ၊ ဗုံးသီးတွေယူလာပြီး လာပူးပေါင်းပါတယ်။ဒီသေနတ်တွေက နဂါးက သူ့အောက်ကို ဝင်ရင်ပေးမယ်ဆိုပြီး ထုတ်ပေးထားတာ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ဒေသ(၁)ကတာဝန်ရှိသူတစ်ဦးကလည်းBNRA
တပ်ဖွဲဝင်အချို့ PDFထံ လာရောက်ပူးပေါင်းတာ ဟုတ်မှန်တယ်လို့ အတည်ပြုပါတယ်။
အသက်(၂၀)ခန့် လူငယ် ရဲဘော် ၉ ဦးဟာ ဒေသအခေါ် ပါကြီးလို့ခေါ်တဲ့ သေနတ် ၄လက်၊ ဗုံးသီး ၄လုံး၊ ကျည် ၂၀၀ကျော် နဲ့အတူ လက်နက်ချပြီး ပူးပေါင်းလာတာလို့ စုံစမ်းသိရပါတယ်။ဒေသတွင်းမှာ BNRA တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိနေပြီး PDFထံ ပူးပေါင်းဖို့ ညှိနှိုင်းမှုတွေဆက်ရှိနေတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ပုလဲမြို့နယ်မှာရှိတဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်
အောက်ခံ ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေက ဖေဖော်ဝါရီ ၁၇ရက် မနက်ပိုင်းမှာ ဝိုင်းဝန်းထားစဉ်တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
“ကျနော်တို့ကတော့ စစ်ရေးအရာကြိုတင်ပြင်ဆင်ထားတာပေါ့။ တကယ်တမ်းမှာ BNRAဖက်က
စပစ်တာနေ တိုက်ပွဲဖြစ်တာ။ BNRAက ကလေးတချို့ သေဆုံးတာလည်း မှန်ပါတယ်”လို့ ယင်းမာပင်ခရိုင်က PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်မနက် ၇နာရီခန့်ကနေ ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့တာလို့ဒေသခံအချို့ကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဥ်မှာတိုက်ပွဲဖြစ်နေတဲ့ ပုပ္ပါရွာနဲ့ ဇီးတောကျေးရွာကြားကို မနက် ၁၀နာရီခန့်မှာ တစ်ကြိမ်၊ နေ့ခင်း ၂နာရီခန့်မှာတစ်ကြိမ် စစ်တပ်က
ဂျိုင်ရိုကော့ပတာနဲ့ ဗုံးကြဲခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်ညနေပိုင်းကနေ အခုသတင်းရေးသားချိန်ဖေဖော်ဝါရီ ၁၈ရက်အထိမြေပြင်တိုက်ပွဲလုံးဝမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း BNRA တပ်ဖွဲ့ဝင် ရဲဘော် ၁၀ဦးသေဆုံးတယ်လို့ ဗိုလ်နဂါးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ယင်းမာပင်ခရိုင်ကPDF တပ်ရင်းတွေစုစည်းနေတာတွေ့ပေမယ့် အခုလိုတိုက်ခိုက်မယ်လို့ မထင်ထားပဲ တိုက်ခိုက်ခံရတာလို့သူကဆိုပါတယ်။ စခန်းတိုက်ခိုက်ခံရချိန်မှာ စစ်တပ်ကို အကူအညီတောင်းတယ်လို့ ပြောဆိုနေမှုတွေကိုလည်း သူကငြင်းဆိုထားပါတယ်။
ဗိုလ်နဂါးရဲ့ BNRAတပ်ဖွဲ့က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ပုလဲမြို့နယ်အတွင်းမှာ ဂိတ်တချို့ဖွင့်ပြီး ငွေကောက်ခံတာတွေလုပ်ခဲ့ပါတယ်။ အဲဒီဂိတ်တွေကိုပိတ်သိမ်းဖို့ ယင်းမာပင်ခရိုင်ထဲက တပ်ရင်းတွေက သတိပေးခဲ့ဖူးပြီး ၂၀၂၆ ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာတော့ ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ကျေးရွာက အခွန်ကောက်တဲ့ BNRA ဂိတ်နှစ်ခုကို PDF ရဲဘော်တွေက ဝင်စီးနင်းပြီး ပိတ်သိမ်းခဲ့ပါတယ်။
နောက်ပိုင်းမှာ PDF တွေက စီးနင်းထားစဥ်က ဖမ်းဆီးထားတဲ့ BNRA ရဲဘော်အချို့ကိုပြန်လွှတ်ပေးပြီး လက်နက်တွေကိုလည်း ပြန်ပေးခဲ့ပါတယ်။အဲဒီနောက် ရက်ပိုင်းအကြာမှာ BNRA က ပကဖ ဂိတ်တစ်ဂိတ်ကို သေနတ်နဲ့ ပစ်ခတ်စီးနင်းပြီး ရဲဘော်အချို့ကို ဖမ်းခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း ယင်းမာပင်ခရိုင် PDFတပ်ရင်း (၄)က ရဲဘော်တဦးကို BNRA တပ်ရင်း(၃)က ရဲဘော်နှစ်ဦးကပစ်ခတ်လို့ သေဆုံးခဲ့ပါတယ် ။ BNRA က အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
BNRA ဂိတ်စခန်းအချို့ စီးနင်းတိုက်ခိုက်ခံရချိန်ကတည်းက ဖြစ်စဥ်ကို လူမှုကွန်ယက်မှာ ဆက်
တိုက်ရေးခဲ့ပေမယ့် ဗိုလ်နဂါးဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ လူမှုကွန်ယက်မှာ နေ့ခင်းပိုင်းအထိ့ ထပ်မံရေးသားတာ မတွေ့ရသေးပါဘူး။
ဗိုလ်နဂါးဦးဆောင်တဲ့ BNRAတပ်ဟာ လူထုအပေါ် ဖိနှိပ်မှုနဲ့ရာဇဝတ်မှုတွေအပြင်NUGလက်အောက်ခံအရပ်ဖက်ဝန်ထမ်းတွေအပေါ် ကျုးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာဖြစ်တယ်လို့အမျိုးသားညီညွတ်
ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောထားပါတယ်။
((ဗိုလ်နဂါး နဲ့ BNRAတပ်မှ ရဲဘော်တွေ။ ဓာတ်ပုံ − BNRA)