နိုင်ငံမငြိမ်းချမ်းခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးကြောင့်ဟုဆိုကာ ပညာ ရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ရန် မင်းအောင်လှိုင် ညွှန်ကြား၊ သင်ရိုး ညွှန်းတမ်းများအားလုံးကို အင်္ဂလိပ်ဘာသာအစား မြန်မာဘာသာစကားဖြင့် ပြောင်းလဲ ပြဋ္ဌာန်းရန် ပါဝင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံတွင် မငြိမ်းချမ်းခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးကြောင့်ဟုဆိုကာ ပညာရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားလိုက်ပြီး ပညာရေးစနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲရေး စာတမ်းနှင့်အကြံဉာဏ်များ တောင်းခံနေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်တွင် တစ်နိုင်ငံလုံးရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ တက္ကသိုလ်ပါမောက္ခချုပ်၊ ကျောင်းအုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရမများကို ခေါ်ယူတွေ့ခဲ့ပြီး မြန်မာနိုင်ငံတွင် မငြိမ်းချမ်းခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးအားနည်းနေ၍ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်တစ်ခုလုံးကို မဖြစ်မနေ အပြောင်းအလဲလုပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးစနစ်တစ်ခုလုံး မကြာမီ အပြောင်းအလဲလုပ်ရန် အကြံဉာဏ်၊ စာတမ်းများနှင့် အကြံပြုချက်များကို ပေးပို့ကြရန် ညွှန်ကြားကြောင်း သိရှိရသည်။
“အဓိက ပြောသွားတာက ပညာမတတ်လို့ ဒီလို လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတာ။ ပညာမတတ်လို့
စဉ်းစားဉာဏ်နည်းတယ်။ တစ်နိုင်ငံမှာ အခြေခံပညာအထက်တန်းအဆင့်တောင် မရောက်တဲ့သူတွေ များတယ်။ နိုင်ငံမတိုးတက်တာ ပညာမတတ်လို့။ အဲဒါကြောင့် ပညာရေးကဏ္ဍအပြောင်းအလဲ မဖြစ်မနေ လုပ်မယ်။ လိုအပ်တဲ့ အကြံဉာဏ်၊ စာတမ်းနဲ့ အကြံပြုချက်တွေ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ လည်းလုပ်မယ်။ လာမယ့်အစိုးရသစ်လက်ထက်မှာ ဒါတွေ အကောင်အထည်ဖော်ပြီး ပညာရေး စနစ်ကို အပြောင်းအလဲလုပ်မယ်ပေါ့။ အဲဒါတွေ ပြောတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခတစ်ဦးက ပြောဆိုသည်။
မင်းအောင်လှိုင်၏ အဆိုအရ အခြေခံပညာပညာရေးစနစ် ပြောင်းလဲခြင်းနှင့် အဆင့်မြင့်၊ အသက်မွေးဝမ်းကြောင်း ပညာရေးစနစ် ပြောင်းလဲခြင်း ၂ ခုတို့ကို လုပ်ဆောင်မည်ဖြစ်ပြီး အဆင့်မြင့်နှင့် အသက် မွေးဝမ်းကြောင်း ပညာရေးစနစ်ပြောင်းလဲခြင်းတို့တွင် ပေါ်လီတက္ကနစ်နှင့် စိုက်/မွေးကျောင်းကဲ့သို့ အသက်မွေးဝမ်းကြောင်း ကျောင်းများ တစ်နိုင်ငံလုံးတိုးချဲ့ ဖွင့်လှစ်ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ် ကြောင်း၊ သင်ရိုးညွှန်းတမ်းများကိုလည်း အင်္ဂလိပ်ဘာသာစကားဖြင့် ပြဋ္ဌာန်းခြင်းအစား မြန်မာဘာသာစကားဖြင့်သာ ပြဋ္ဌာန်းရန် ပါဝင်ကြောင်း သိရှိရသည်။
” အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းမှာ သိပ္ပံဘာသာရပ်နဲ့ သင်္ချာ ဘာသာရပ်တွေကို အင်္ဂလိပ်စာနဲ့ ပြဋ္ဌာန်းတာအစား မြန်မာဘာသာစကားနဲ့ ပြဋ္ဌာန်းမလား။ အဆင့်မြင့် တက္ကသိုလ်တွေနဲ့ ပေါ်လီတက္ကနစ်ကျောင်းတွေမှာလည်း သင်ရိုးညွှန်းတမ်းတွေကို မြန်မာစာနဲ့ ပြဋ္ဌာန်းမယ်ဆိုတာမျိုးတွေ ပြောဆို ဆွေးနွေးနေကြတယ်။ ၁၀ တန်းအောင်မှ မဟုတ်ဘဲ အခြေခံ အလယ်တန်းအဆင့်ပြီးပြီဆိုတာနဲ့ အခြား အသက်မွေးဝမ်းကြောင်း ကျောင်းတွေ တက်လို့ရအောင် ဘယ်လို ချိတ်ဆက်မလဲ အဲဒါတွေလည်း ဆွေးနွေးနေကြတယ်” ဟု အဆိုပါ ပါမောက္ခက ရှင်းပြသည်။
မင်းအောင်လှိုင်က အတန်းပညာတတ်သူများ ခပ်များများ မွေးထုတ်ရန်ပြောဆိုပြီး အတန်းပညာ နှင့် ကျောင်းပညာတတ်မှသာလျှင် ပညာတတ်များ ပေါများမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“အဲဒါတော့ တော်တော် ဘဝင်မကျစရာပေါ့။ သူက ပညာတတ်ဆိုတာ အတန်းပညာ ကျောင်းပညာ တတ်တဲ့သူကို ပညာတတ်လို့ အဓိပ္ပာယ်ဖွင့်တယ်။ အတန်းပညာ ကျောင်းပညာမတတ်ရင် ပညာမတတ်ဘူး အဲဒီလိုမျိုးကြီးပြောနေတာ။ အဲဒါကတော့ အငြင်းပွားစရာပဲ။ သူက အဲဒီလိုခံယူပြီး ပညာရေးစနစ်ကို အပြောင်းအလဲလုပ်ရင် စဉ်းစားတွေးခေါ်မှုကို သင်ကြားပေးတဲ့ပညာရေးစနစ်အစား ဒါကျက်၊ ဒါဖြေ ပညာရေးစနစ်ပဲ ထပ်ပြီး ကြီးထွားလာမယ့် အခြေအနေလို့ မြင်ရတယ်” ဟု ယင်းပါမောက္ခက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများမှာ ပညာရေးဆိုင်ရာအားနည်းမှုများကြောင့် ဖြစ်ကြောင်း၊ အတန်းပညာ၊ အသိပညာများ အားနည်းမှုကြောင့် အခြားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို စဉ်းစားတွေးခေါ်ဆင်ခြင်မှုများမရှိတော့ဘဲ လုပ်ဆောင်ကြခြင်းကြောင့် နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားစေခဲ့ခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေခံပညာကျောင်းအများစုမှာ ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုမရှိသည်ကို တွေ့ရကြောင်း၊ အဆင်မြင့်ပညာဖြစ်သည့် တက္ကသိုလ်၊ ကောလိပ်များတွင်လည်း အလားတူပင်ဖြစ် ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
မင်းအောင်လှိုင်က တိုင်းရင်းသားများမှာ ပညာမတတ်ကြောင်း၊ ပညာရေးလိုအပ်ချက်ရှိသည့် တိုင်းရင်းသားဒေသများအတွက် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားများကို ပညာတတ်အောင် လုပ်ဆောင်ပေးခြင်းသည် တိုင်းရင်းသား အခွင့် အရေး ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု ပြောဆိုသွားသည်။
မင်းအောင်လှိုင်က ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် ပြောဆိုနေသော်လည်း သူ၏ မြေးမိန်းကလေး ၅ ဦးကို ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရကျောင်းများတွင် မထားဘဲ မိသားစုပိုင် ကိုယ်ပိုင် EMPS (Excellent Myanmar Private School) ထူထောင်၍ ယင်းကျောင်းတွင်သာ ကျောင်းတက်ခိုင်းလျက်ရှိသည်။