NUG MOD က GZA စခန်းကို ဝိုင်းပိတ်တိုက်ခိုက်၊ GZA က SRA ကို အကူအညီပေးဖို့ မေတ္တာရပ်ခံ

NUG MOD က GZA စခန်းကို ဝိုင်းပိတ်တိုက်ခိုက်၊ GZA က SRA ကို အကူအညီပေးဖို့ မေတ္တာရပ်ခံ
ဖေဖေါ်ဝါရီ ၁၇ – ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG MOD တပ်ဖွဲ့တွေကနေ ပုလဲမြို့နယ်ထဲက ဂျန်ဇီလူငယ် မျိုးဆက်တပ်တော် (GZA) ကို ဒီကနေ့ မနက်ပိုင်းမှာ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့ အတွက် ရဲဘော် ၁ ဦး ဒဏ်ရာ ရပြီး ၈ ဦး ပျောက်ဆုံးနေကြောင်း နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု (SRA) ထံ ပေးပို့တဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် GZA ရဲ့ မဟာမိတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကိုလည်း NUG MOD က တပြိုင်တည်း တိုက်ခိုက်နေတာ သိရကြောင်းနဲ့ အခုလို ဖြစ်ရပ်တွေ အတွက် SRA အနေနဲ့ အကောင်းမွန် ဆုံး တရားမျှတမှု ရရှိရေးအတွက် ကြိုးစားပေးဖို့ မေတ္တရပ်ခံထားကြောင်း သိရပါတယ်။

GZA က SRA ကို ပေးပို့တဲ့ ပေါက်ကြားလာတဲ့ စာ အပြည့်အစုံ
————————————–
သို့ လေးစားရပါသော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အနီရောင်အဆင့် အခြေအနေအား မဟာမိတ်များထံ တင်ပြလွှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၇) ရက်၊ မနက် (၆း၄၀)၊ ကျွန်ုပ်တို့ ဂျန်ဇီလူငယ် မျိုးဆက်တပ်တော် (GZA) ၏ စခန်းများအနက်မှ တခုဖြစ်သော ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် (——– ) နေရာတွင် ရဲဘော် အများစု အိပ်နေချိန် ပေါက်ကွဲသံကြီး တခု ကြားမိခဲ့ပါသည်။
ထိုအချိန် မနက်စာ ထမင်းချက်နေသော စစ်မေများမှ “ဒရုန်း” ဟု သတိပေးခဲ့ သဖြင့် ကတုတ်ကျင်းအတွင်းသို့ တိမ်းရှောင်ခဲ့ပြီးနောက် (၁၀) မိနစ်အတွင်း ဒရုန်းများဖြင့် ဗုံးသီး (၅) သီး ထပ်မံအကြဲ ခံခဲ့ရပါသည်။
တချိန်ထဲတွင် စခန်း၏ အနောက်ဘက်ခြမ်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့ဘက်မှ ထိုသို့ပစ်ခက်နေသော လက်နက်ကိုင်များမှာ NUG၊ MOD ၏ အမိန့်စီးဆင်းမှုအောက်တွင် ရှိသော လက်နက်ကိုင်အင်အားများဖြစ်‌ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
တောင်ဘက်ခြမ်းမှလည်း ကျွန်ုပ်တို့စခန်းအား ၆၀-မမ နှင့် ၄၀-မမ များကို အသုံးပြု၍ အချက် (၂၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
ထို့နောက် ဗုံးသီး (၅) လုံးဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရပါသည်။ ခန့်မှန်းခြေ (၃) နာရီအကြာ ငါးကြင်းမြှီး (၈) လက်ခန့် ပစ်ခတ်မှု ခံခဲ့ရပါသည်။
ထိုအချိန်တွင် ကျွန်ုပ်တို့ စခန်းအား ဝိုင်းထားသော လက်နက်ကိုင် အင်အားများမှာ (၂၀၀) ~ (၃၀၀) ကျော်အထိ တိုးပွားလာပြီး စခန်းကို ပတ်လည်ဝိုင်း၍ အတင်းဝင်ရောက် တိုက်ခိုက်သောကြောင့် ဘေးလွတ်ရာ သို့ ဆုတ်ခွာခဲ့ရပါသည်။
ဆုတ်ခွာနေစဉ် အတွင်းမှာလည်း အနီးအနား ရွာများထိတိုင် လိုက်လံ ပစ်ခတ်ခြင်း ကို ခံခဲ့ရပါသည်။
ထိုအချိန် မြင်တွေ့ခဲ့ရသော မြင်ကွင်း၊ ယမန်‌နေ့ညမှ ရရှိထားသော သတင်းများအပြင် ယနေ့ပြည်သူများမှတဆင့် ပြန်လည် သိရှိရသော သတင်းများအရ ကျွန်ုပ်တို့၏ တော်လှန်ရေးသွေးသားများကို ဤသို့ ကိုယ်ချင်းစာနာမှုမဲ့စွာ တိုက်ခိုက်ခြင်းကို ကျူးလွန်ခဲ့သည်မှာ NUG/MOD လက်အောက်ခံ အင်အားစုများဖြစ်ကြောင်း ထပ်လောင်းအတည်ပြု နိုင်ခဲ့ရသဖြင့် များစွာအံ့အားသင့်ခဲ့ရသလို များစွာလည်း စိတ်မကောင်း ဖြစ်မိပါသည်။
အထက်ပါကိစ္စရပ်များ ဖြစ်ပွားနေစဉ်တလျောက် မဟာမိတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကိုလည်း ယခုထပ် ပိုမိုဆိုးရွာသော အခြေအနေမျိုး တိုက်ခိုက်နေခြင်းကို ကိုယ်တိုင် ကြုံတွေ့ကြားသိခဲ့ရပါသည်။
အထိအခိုက်အဆုံးအရှုံးစာရင်း
• ဒါဏ်ရာရရဲဘော် – (၁) ဦး (ခြေထောက်ဒဏ်ရာရှိ)
• ပျောက်ဆုံးရဲဘော် – (၈) ဦး (သေရေးရှင်ရေး အတည်မပြုနိုင်သေး)
• MA-1 – (၁) လက် (150,00,000 EST-MMK)
• ပဒိန် – (၁) လက် (300,00,000 EST-MMK) • Gen-2 Starlink – (၂) ခု (60,00,000 EST-MMK x 2)
• ကွန်ပြူတာ – (၄) လုံး 8,00,000 EST-MMK x 4)
• Power Station – (၁) ခု (70,00,000 EST-MMK)
• ဆိုင်ကယ် – (၅) စီး (200,00,000 EST-MMK)
• ရုံးသုံးစာရွက်စာတမ်းများ (တန်ဖိုးမဖြတ်နိုင်)
• တွင်ခုံနှင့်ထုတ်လုပ်ရေးပစ္စည်းများ (150,00,000 EST-MMK) • ရဲဘော်ဖုန်းများ (တန်ဖိုးမဖြတ်နိုင်) သို့ဖြစ်ပါ၍ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အနေဖြင့် ကျွန်ုပ်တို့ ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (GZA) နှင့် မဟာမိတ် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အတွက် အကောင်းမွန်ဆုံး တရား မျှတမှု ရရှိရေးအတွက် ကြိုးစားပေးပါရန် ရိုးသားစွာ မေတ္တာရပ်ခံ အပ်ပါသည်။
—————————
THN Public Media