မင်းအောင်လှိုင်နှင့် စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ မြန်မာ နိုင်ငံမှ တီမောသံရုံး ထွက်ခွာရန် အမိန့်ပေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်တပ်တို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးရန် အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန်မာစစ်တပ်က ၇ ရက်အတွင်း ထွက်ခွာရန် နှင်ထုတ်ကြောင်း ယမန်နေ့ညပိုင်း ကြေညာသည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော တီမောနိုင်ငံက မြန်မာနိုင်ငံမှ မင်းအောင် လှိုင်နှင့် စစ်ဗိုလ်ချုပ်များ ကျူးလွန်သော စစ်ရာဇဝတ် မှုများကို အရေးယူရန် ဥပဒေအရ အမှုလက်ခံခဲ့ကြောင်း၊ အဆိုပါအမှုမှာ ချင်းပြည်နယ်တွင် စစ်တပ်က ကျူးလွန်သော ရာဇဝတ်မှုများအတွက် Chin Human Rights Organization (CHRO) က တီမောနိုင်ငံ၏ တရားရုံးသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ စစ်တပ်က ထုတ်ပြန်သော ကြေညာချက်တွင် တီမောအစိုးရက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏မူလရပ်တည် ချက်ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာ တွင် တီမောလက်စ်တေအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးသည့် နောက်ပိုင်းကာလများတွင်လည်း ၎င်း၏ ကတိကဝတ်များနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိတော့ကြောင်း ဖော်ပြထားသည်။
တီမောလက်စ်တေသမ္မတက မြန်မာတပ်မတော်အရာရှိကြီးအချို့အပေါ် တရား စွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲတစ်ဦးက အခြားသောအာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိကြောင်း၊ အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြန်မာစစ်တပ်က ရန်ကုန်ရှိ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဆင့်ခေါ်၍ အဆိုပါအပြုအမူကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသိပေးပြီး တီမောလက်စ်တေအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် တီမောလက်စ်တေ၏ အပြုသဘောမဆောင်သည့်အပြုအမူအပေါ် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင် ပြန်လည်ပေးပို့ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အာဆီယံ၏အခြေခံမူများနှင့်အလေ့အထများကို ဖောက်ဖျက်သည့် တီမောလက်စ်တေ၏အပြုအမူများကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချသည့် သတင်းထုတ်ပြန်ချက်ကိုလည်း စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် တီမောလက်စ်တေသမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်ရေးကို မကြာခဏဝင်ရောက်စွက်ဖက်နေသည့်အတွက်ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာအဲလီစီယို ဒိုရိုဆားရီရှိ ဒီဆော်ဆာကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဆင့် ခေါ်၍ သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နှင့်အညီ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် နှင့်ထုတ်ခဲ့ကြောင်း သိရှိရသည်။
တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ ရပ်တည်ချက်သဘောထားများ ပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ထားသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့-CHROက တီမောနိုင်ငံတွင် တိုင်ကြားထားသော အမှုတွဲဖိုင်တွင် မြန်မာစစ်တပ်က ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည့် အမှုများ (သတင်းစာဆရာတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်)၊ ဘာသာရေးခေါင်းဆောင်များကို ရည်ရွယ်၍ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များ၊ ဆေးရုံကို လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခဲ့သည့် အမှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကာကွယ်ထားရမည့် အရပ်ဘက်အဆောက်အဦများနှင့် ဘုရားကျောင်းများကို တိုက်ခိုက်ခဲ့သည့် အမှုများ အပါအဝင် စစ်ရာဇဝတ်မှုများအတွက် ခိုင်လုံသည့် အထောက်အထားများ ပါဝင်သည်။