မရမ်းကုန်းရှိ စတိုးဆိုင်မီးလောင်မှုအတွင်း အသက် ၆၀ ကျော်အရွယ် ညီအစ်မ ၂ ဦး သေဆုံး
မောင်ခက်နွေ




မဇ္ဈိမ ။ ။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်နှင့်တွဲဖွင့်ထားသော စတိုးဆိုင်တဆိုင် ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်အတွင်းရှိနေသည့် အသက် ၆၀ ကျော်အရွယ် ညီအစ်မနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံက သိရသည်။
မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အောက်ဗဟိုလမ်းမပေါ် (သမိုင်းဂုံးတံတားဘေး) ရှိ “မောင်ဝင်း” ကုန်မာနှင့် စတိုးဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၃၇ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
“အိမ်အပေါ်ထပ်ကနေ စလောင်တယ်လို့ပဲ သိရတယ်။ ဘယ်ကစ ဖြစ်လဲဆိုတာတော့ အတိကျမသိရသေးဘူး” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။
မီးစတင်လောင်ပြီးနောက် မိနစ် ၂၀ ခန့်အကြာ နံနက် ၃ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ကူညီကယ်ဆယ်မှုကို မရမ်းကုန်းနှင့် လှိုင်မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များ၊ ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်း၊ အနာဂတ်အလင်းတန်း (စမ်းချောင်း) လူမှုကူညီရေးအသင်းနှင့် မြတ်ကုသိုလ် လူမှုကူညီရေးအသင်းအစရှိသည့် အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် ဘေးပတ်ဝန်းကျင်သို့ ကူးစက်ခြင်းမရှိသော်လည်း ဆိုင်ခန်းတွဲနေအိမ် မီးလောင်ပျက်စီးခဲ့သည်။ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် မီးလောင်မှုဖြစ်စဉ်ကို ဖော်ပြထားသော်လည်း လူသေဆုံးမှုအသေးစိတ်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
လက်ရှိတွင် မီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။
ရန်ကုန်မြို့တွင် ပွင့်လင်းရာသီကာလ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက် နှစ်ရက်အတွင်း မီးလောင်မှုဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်သော မှတ်တမ်းများအရ သိရှိရသည်။
တည်းဖြတ်။ ။ အောင်ကျော်ဖြိုး
ဓာတ်ပုံ – ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်နှင့်တွဲဖွင့်ထားသော စတိုးဆိုင်တစ်ဆိုင် မီးလောင်စဥ်၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်အတွင်းရှိနေသည့် အသက် ၆၀ ကျော်အရွယ် ညီအစ်မနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံက သိရသည်။ (ရွှေရောင်သမိုင်း)
#မီးလောင်မှု