ယူကရိန်းရဲဘော်တွေထံက အသေခံဒရုန်းနည်းပညာအချို့ရယူခဲ့တယ်လို့ ဖလမ်းတိုက်ပွဲဝင်အမျိုးသမီးတပ်ဖွဲ့ (WITCH)ပြော
ဖေဖော်ဝါရီ-၁၄၊၂၀၂၆။ဇော်ဝင်း/People’s Spring


အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေတဲ့ AIF Myanmarတပ်ဖွဲ့ရဲ့ အမျိုးသမီးတပ်ဖွဲ့ (WITCH)ဟာ ယူကရိန်းရဲဘော်တွေဆီက အသေခံဒရုန်းနည်းပညာ အချို့ရယူခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
WITCH အဖွဲ့ဟာ လက်ရှိမှာ အသေခံဒရုန်းနည်းပညာတွေသုံးပြီး ချင်းပြည်နယ် ဖလမ်းမြို့နယ်ဘက် ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“ယူကရိန်းရဲဘော်တွေဆီကနေ သင်ခန်းစာယူခဲ့သလို၊ ကျွန်မတို့ တိုက်ပွဲဝင်နေတဲ့ တောင်ပေါ်ဒေသ မြေမျက်နှာသွင်ပြင်နဲ့ ကိုက်ညီမယ့် ကိုယ်ပိုင်ဗျူဟာတွေကိုလည်း ဖော်ဆောင်ခဲ့နေတယ်”လို့ WITCH တပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက တော်လှန်ရေးရဲဘော်တွေထံက အဖိုးတန်တဲ့အကြံဉာဏ်တွေ ရရှိနေတယ်လို့လည်း ၎င်းက အသိပေးပါတယ်။
“ကျွန်မတို့ကို ကူညီနေတာဟာ ဘယ်အစိုးရမှ မဟုတ်ဘဲ လွတ်လပ်မှုကိုမြတ်နိုးတဲ့ တော်လှန်ရေးပြည်သူတွေသာ ဖြစ်ပါတယ်”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
ဒါပေမယ့် ယူကရိန်ရဲဘော်တွေထံက ရတဲ့သင်ခန်းစာနဲ့ ဘယ်လိုသင်ယူနေတယ်ဆိုတာ အသေးစိတ်ကိုတော့ WITCH အနေနဲ့ အသိမပေးပါဘူး။
WITCHအဖွဲ့ကို AIF Myanmar က ၂၀၂၅မှာ ဖွဲ့စည်းခဲ့ပြီး ရဲဘော်အမျိုးသမီးတွေ သီးသန့်ပါဝင်ပါတယ်။
အဆင့်မြင့်နည်းပညာအသုံးပြုထားတဲ့ အသေခံဒရုန်းတွေနဲ့ စစ်ကောင်စီရဲ့ Jammer(ဆက်သွယ်ရေးလှိုင်းဖြတ်စက်)တွေကို ကျော်လွှားပြီး တိုက်ခိုက်နိုင်တဲ့အကြောင်းကို နိုင်ငံခြားတကာတိုက်ပွဲအတွေ့အကြုံရှိတဲ့ တပ်သားတချို့ပါဝင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar က ပြီးခဲ့တဲ့၂၀၂၅မှာ ထုတ်ပြန်ထားပါတယ်။
FPV (First-Person View) ဒရုန်းတွေကို ကာမီကာဇေ (အသေခံတိုက်ခိုက်ရေး)ပုံစံနဲ့ Drop-bomb ပုံစံ နှစ်မျိုးလုံးနဲ့ အသုံးပြုနေပြီး (၆)မိုင် အကွာအဝေးက ပစ်မှတ်တွေကို အောင်မြင်စွာတိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ရုရှားနဲ့ တရုတ်တို့ရဲ့ နည်းပညာအကူအညီယူပြီး ဒရုန်းတွေကို အဆင့်မြှင့်တင်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေ နဲ့အတူ ခိုင်မာစွာရပ်တည်ပြီး ထိရောက်မယ့် နည်းလမ်းမှန်သမျှကို ဆက်လက်ဖော်ဆောင်မယ်လို့လည်း ကြေညာထားပါတယ်။
AIF Myanmar တပ်ဖွဲ့ဟာ ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲအပြင် လက်တလော တီးတိန်နဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲအချို့မှာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
လက်ရှိစစ်တပ်ဟာ ဖလမ်းမြို့ကို ပြန်ရဖို့အတွက် ၂၀၂၅ နိုဝင်ဘာကတည်းက အင်အား ၁၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေတာဖြစ်ပေမယ့် အရာရှိတွေအပါအဝင် သေဆုံးသူများတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို စစ်အင်အားဖြည့်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။
ချင်းမြောက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအတူ ပူးပေါင်းတိုက်ခိုက်နေပါတယ်။
(AIF Myanmarတပ်ဖွဲ့ရဲ့ အမျိုးသမီးတပ်ဖွဲ့ (WITCH)ရဲဘော်တစ်ဦး ဒရုန်းပြင်ဆင်နေပုံနဲ့ စစ်တပ်စစ်ကြောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ – Screen-grab)