ရန်ကုန်နှင့် ဝမ်းတွင်းတို့တွင် စစ်တပ်က မင်္ဂလာဆောင်၊ နာရေးနှင့် အလှူအိမ်များအထိပါ ဝင်ရောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၊ မိုးကုတ်တွင် စစ်မှုထမ်း တပ်သားသစ်များ အစုလိုက်အပြုံလိုက်ထွက်ပြေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကားမှတ်တိုင်တွင် ကားစောင့်နေသော လူငယ်များကို စစ်မှုထမ်း စုဆောင်းရေး အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ သိမ်ချောင်းလမ်းဆုံ မှတ်တိုင်၌ ကားစောင့်နေသော အသက် ၂၀ အရွယ် လူငယ် ၁ ဦးကို ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာသော အရပ်ဝတ်စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ အလားတူ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်တွင်လည်း မုန့်ဟင်းခါးဆိုင်သိမ်းနေသည့် လူငယ် ၁ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်း ဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် မိသားစုဝင်များက ငွေကျပ် သိန်း ၈၀ ဖြင့်အဆိုပါလူငယ်ကို ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။
“ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက တောင်ဒဂုံ တောင်သိမ်ချောင်းလမ်းဆုံမှတ်တိုင်မှာ ကားစောင့်နေတဲ့ အသက် ၂၀ ဝန်း ကျင် လူငယ် ၁ ဦးကို အရပ်ဝတ်တွေနဲ့ စစ်ခွေးတွေက ဆိုင်ကယ် ၃ စီးနဲ့ လာရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားတာ နောက်ပြီး ၅၄ ရပ်ကွက်မှာလည်း မုန့်ဟင်းခါးရောင်းနေတဲ့ လူကနေမကောင်းလို့ သူ့သားကို ဆိုင်သွားသိမ်းခိုင်းတာကို စစ်ခွေးတွေက ပေါ်တာဆွဲသွားလို့ အဲတာ သိန်း ၈၀ နဲ့ ပြန်ရွေးရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က အလှူအိမ်၊ နာရေးအိမ်နှင့် မင်္ဂလာဆောင်များကို ပစ်မှတ်ထား၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း Voice Of Wundwin အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ၏ပြောဆိုချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က ခင်ကြီးရွာမှ လူငယ် ၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ဝမ်းတွင်းမြို့သို့ ထွက်ခွာလာစဉ် အလှူပွဲမှ ပြန်လာသည့် ဘုန်းကြီးကားကိုတားပြီး ဘုန်းကြီးဘေးတွင် လိုက်ပါလာသော ဘုန်းကြီးကျောင်းသား ၂ ဦးကိုလည်း စစ်တပ်က ထပ်မံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက် စစ်သားများသည် ခင်းကြီးရွာရှိ မင်္ဂဆောင်တစ်ခုကိုလည်း ထပ်မံ ဝင်ရောက်စီးနင်းပြီး အသက် ၁၅ နှစ်အရွယ် လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါလူငယ်က ပြန်လည် ခုခံသောကြောင့် စစ်တပ်က ထိုးကြိတ် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေက သူတို့ လူအရမ်းလိုလို့ ထင်တယ်။ ရွာတွေထဲက အလှူအိမ်တွေ မင်္ဂလာဆောင်တွေကို ပစ်မှတ်ထားပြီး ပေါ်တာလိုက်ဆွဲနေတာ အလှူအိမ်က ပြန်လာတဲ့ ဘုန်းကြီးကားကိုလည်း ဝိုင်းတားပြီး ကားပေါ်ပါလာတဲ့ ဘုန်းကြီးကျောင်းသား ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ရွာထဲက မင်္ဂဆောင်တစ်ခုကိုလည်း လူငယ်တွေ ဝင်ရှာတာမရှိလို့ဆိုပြီး ဘေးအိမ်က အသက် ၁၅ နှစ်အရွယ် ကောင်လေးကို ထိုးကြိတ်ပြီး ခေါ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်လည်း ရှေ့တန်းထွက်ရန် ပြင်ဆင်နေသည့် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်မှုထမ်း တပ်သားသစ် ၆ ဦး ထွက်ပြေးသွားကြောင့် စစ်တပ်က လိုက်လံရှာဖွေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထွက်ပြေးသွားသော စစ်မှုထမ်း တပ်သားသစ် ၆ ဦးကို စစ်တပ်က လိုက်လံရှာဖွေနေခြင်းဖြစ်ကြောင်း၊ ထွက်ပြေးသွားသူများသည်လည်း လက်နက်ခဲယမ်းများ ယူဆောင်သွားကြောင်း သိရသည်။
“၁၁ ရက်နေ့မျှ, စစ်ခွေးတွေဆီက ထွက်ပြေးသွားတာလို့ သိရတယ်။ သူတို့ဆီမှာ လက်နက်ခဲယမ်းတွေလည်းပါတော့ ခွေးတွေက အတင်းပြန်လိုက်ရှာနေတာ ဖမ်းမမိသေးဘူးလို့တော့ သိရတယ်။ မိုးကုတ်မြို့ပေါ်မှာလည်း စစ်ခွေးတွေက ထပ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်၊ ချောင်းကြီးရွာနှင့် ရှမ်းကုန်းစံရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ် စစ်ကြောင်းက မိုးကုတ်မြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားပြီး ဘော်ဗဒါန်းရွာသို့ ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးမှုများကြောင့် စစ်မှုထမ်းတပ်သားအဖြစ် အတင်းအကျပ် သွပ်သွင်းခံနေရသော လူငယ်များ။