မြန်မာပြည်သူများကို အကာအကွယ်ပေးမည့် BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြုလိုက်ပြီး စစ်တပ်ကို ပိုမို ပိတ်ဆို့အရေးယူရန်နှင့် မြန်မာ့အရေး အမေရိကန်သံတမန် ခန့်အပ်ရန် ပါဝင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံရှိ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေသည့် ပြည်သူများနှင့်အတူ ရပ်တည်ရန်နှင့် စစ်ကောင်စီအပေါ် စီးပွားရေးပိတ် ဆို့မှုများ ပိုမိုတင်းကျပ်ရန် ရည်ရွယ်သည့် BRAVE Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက် လွှတ် တော်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ယင်းဥပဒေမူကြမ်းကို ပူးတွဲတင်သွင်းသူတစ်ဦးဖြစ်သည့် ရီပတ်ဘလစ်ကန်ပါတီမှ ကွန်ဂရက်လွှတ်တော်အမတ် တင်မ်ကနေဒီ (Tim Kennedy) က ယခုကဲ့သို့ အတည်ပြုနိုင်ခြင်းအပေါ် ကြိုဆိုလိုက်ပြီး “ဒီဥပဒေဟာ မိမိတို့ရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို စစ်ကောင်စီက ရက်ရက်စက်စက် နှိပ်စက်နေတာကို အမေရိကန်က လျစ်လျူရှုထားမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာပဲဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
BRAVE Burma Act တွင် မြန်မာစစ်တပ်ကို အကျပ်ရိုက်စေမည့် အချက်ကြီး ၂ ချက်ပါဝင်ပြီး မြန်မာစစ်တပ်နှင့် ၎င်းတို့ကို ငွေကြေးထောက်ပံ့နေသည့် ကွန်ရက်များကို ပစ်မှတ်ထားသည့် လက်ရှိ ပိတ်ဆို့အရေးယူမှုများကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးရုံသာမက ပိုမိုတိုးမြှင့်အရေးယူရန်၊ အကြမ်းဖက်မှုများအတွက် အသုံးပြုနေသည့် အရင်းအမြစ်များကို ဖြတ်တောက်ရန် ရည် ရွယ်ထားသည်ဟု သိရှိရသည်။
ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်အပ်ရန်ပါဝင်ပြီး အမေရိကန်သမ္မတအနေဖြင့် သံအမတ်ကြီးအဆင့်ရှိ မြန်မာ နိုင်ငံဆိုင်ရာ အထူးသံတမန် (Special Envoy for Burma) တစ်ဦးကို ခန့်အပ်ရန်၊ ထိုအထူးသံတ မန်က မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများ၊ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် သံတမန် ရေးရာ ကိစ္စရပ်များကို တစ်ခုတည်းသော မူဝါဒအောက်မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ဥပဒေမူကြမ်းတွင်ပါဝင်ကြောင်း သိရှိရသည်။
ရီပတ်ဘလစ်ကန်ပါတီမှ ကွန်ဂရက်လွှတ်တော်အမတ် ကနေဒီက ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် နယူးယောက်အနောက်ပိုင်းရှိ အင် အားကောင်းသော မြန်မာလူမှုအသိုင်းအဝိုင်းအတွက် အစဉ်တစိုက် အသံထုတ်ပေးနေသူဖြစ်ပြီး အမေရိကန်ရောက် မြန်မာပြည်သူများကို ဘေးအန္တရာယ်ရှိသည့် နေရာများသို့ ပြန်မပို့စေရန်နှင့် ယာယီအကာအကွယ်ပေးထားသည့် (TPS) အဆင့်အတန်းကို ကာကွယ်ပေးရန်လည်း တိုက်တွန်းထားသည်။
ယခု အောက်လွှတ်တော်က အတည်ပြုလိုက်သည့် BRAVE Burma Act ဥပဒေမူကြမ်းကို အထက်လွှတ်တော် (Senate) တွင် ဆွေးနွေးအတည်ပြုရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- BRAVE Burma Act (H.R. 3190) ဥပဒေမူကြမ်း တင်သွင်းသူ တင်မ်ကနေဒီ (Tim Kennedy) ။