စစ်မက် ခြိမ်းခြောက်မှုနှင့် အမေရိကန်၏ ဖိအားရှိသော်လည်း ယူရေနီယံသန့်စင်မှု မရပ်တန့်ဟု အီရန် ပြော

ပါရှန်းပင်လယ်ကွေ့အတွင်း အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်နေချိန် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ချီ က ၎င်းတို့၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ယတိပြတ် ထုတ်ပြန်လာသည်။

အကယ်၍ တင်းပြည့်ကြပ်ပြည့် စစ်မက်ဖြစ်ပွားလာလျှင်ပင် ၎င်းတို့၏ ယူရေနီယံသန့်စင်ခွင့်ကို ကာကွယ်သွားရန် အသင့်ရှိကြောင်း အလေးပေးပြောကာ ညှိနှိုင်းဆွေးနွေးမှုများ၌ ဝါရှင်တန်၏ စိတ်ရင်းအမှန်ကိုလည်း မေးခွန်းထုတ်လိုက်သည်။

နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံအတွက် မဟာဗျူဟာမြောက် ရွေးချယ်မှုဖြစ်ပြီး ယင်းအတွက်လည်း ကြီးကြီးမားမား ပေးဆပ်ထားခဲ့ပြီးဖြစ်ကြောင်း တီဟီရန်တွင် ကျင်းပသည့် ဖိုရမ်တခု၌ အာရတ်ချီ က ပြောသည်။ ပြင်ပမှ ဖိအားပေးမှုများကြောင့် အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ မူဝါဒကို ပြောင်းလဲစေမည်မဟုတ်ကြောင်းလည်း ဝန်ကြီးက အလေးပေး ဆိုသည်။

“အီရန်ဟာ ငြိမ်းချမ်းတဲ့ နျူကလီးယားအစီအစဉ်နဲ့ ယူရေနီယံသန့်စင်မှုအတွက် အလွန်ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ရတယ်” ဟု ၎င်းက ပြောပြီး မည်သည့်နိုင်ငံကမျှ အီရန်ကို မည်သို့လုပ်ဆောင်ရမည်ဟု လာရောက်ညွှန်ကြား၍ မရကြောင်း ဖြည့်စွက်ဆိုသည်။

စစ်မက်ဖြစ်ပွားနိုင်သည့် ခြိမ်းခြောက်မှုအောက်တွင် နျူကလီးယား ရည်မှန်းချက်များကို စွန့်လွှတ်ရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိကို အာရတ်ချီက ယခုကဲ့သို့ အပြတ်အသတ် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့အပေါ် စစ်ခင်းလာရင်တောင် ယူရေနီယံသန့်စင်မှုကိုပဲ အခိုင်အမာဆက်လုပ်နေပြီး စွန့်လွှတ်မှာ မဟုတ်ပါ၊ ဘာဖြစ်လို့လဲဆိုရင် ဘယ်သူကမှ ကျနော်တို့ကို လာရောက် အမိန့်ပေးပိုင်ခွင့် မရှိလို့ဘဲ” ဟု ဝန်ကြီးက ပြောကြောင်း AFP သတင်းဌာနက ကိုးကားဖော်ပြသည်။

အမေရိကန်က စီးပွားရေး ဆက်လက် ပိတ်ဆို့ထားရှိခြင်းက ဖော်ဆောင်နေသော ဆွေးနွေးပွဲများအတွက် အဆင်သင့် မဖြစ်သေးကြောင်း ပြသနေသည်ဟု ၎င်းက ပြောသည်။

အဆိုပါ ဒေသဆီ ရောက်ရှိနေသည့် Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် သွားရောက်ခဲ့ပြီးနောက် မကြာမီ အီရန်၏ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ စတိဗ်ဝစ်ကော့ဖ်၏ လုပ်ရပ်မှာ ခြိမ်းခြောက်ရန် ကြိုးပမ်းမှုအဖြစ် အီရန်က ရှုမြင်သော်လည်း နိုင်ငံခေါင်းဆောင်ပိုင်း၏ ရပ်တည်ချက်ကို ထိုသို့သော လုပ်ရပ်များက သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း အာမခံပြောဆိုသည်။

“ဒီဒေသမှာ သူတို့ရဲ့ စစ်အင်အားတိုးချဲ့တာက ကျနော်တို့ကို ကြောက်လန့်သွားအောင် မလုပ်နိုင်ပါဘူး” ဟု အာရတ်ချီက အလေးပေးပြောခဲ့သည်။

UNN မှ Iran announced its refusal to stop uranium enrichment despite the threat of war and US pressure ကို မိုးသဲ ဘာသာပြန်သည်။