ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့များက မြန်မာစစ်တပ်ကို အသိအမှတ်မပြုဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း သစ္စာဖောက်သွား၍ ကုလသမဂ္ဂအထွေထွေညီလာခံ နိုင်ငံရေးစင်မြင့်တွင် ပြောရေးဆိုခွင့် ဆုံးရှုံးနေရဟု မင်းအောင်လှိုင် ထုတ်ပြော
🟥 အာဆီယံကလည်း မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားဟု စစ်ခေါင်းဆောင် ညဉ်းတွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့များက မြန်မာစစ်တပ်ကို အသိအမှတ်မပြုဘဲ မြန်မာအမြဲတမ်းကိုယ်စား လှယ် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)ကလည်း သစ္စာဖောက်သွား၍ အထွေထွေညီလာခံနိုင်ငံရေးစင်မြင့်တွင် ပြော ရေးဆိုခွင့်ဆုံးရှုံးနေရကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ပြောပြောဆိုသည်။
ယမန်နေ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက၍ သွားရောက် တရားရင်ဆိုင်ခဲ့သည့် ကိုကိုလှိုင်နှင့်အဖွဲ့ကို ဂုဏ်ပြုပွဲတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ICJ တရားရုံးက ဆက်သွယ်လာကြောင်း၊ စစ်တပ်အနေဖြင့် အမှုကို ဆက်လက် ဆက်ခံ ဆောင်ရွက်သင့်၊ မသင့် အကျေအလည် ဆွေးနွေးခဲ့ပြီး ဆက်ခံရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းအချိန်ကာလ နိုင်ငံတကာနှင့် ပြည်တွင်းနိုင်ငံရေး အခြေအနေကို ပြန်ပြောင်း လေ့လာမည်ဆိုပါက မြန်မာနိုင်ငံအတွက် ပြည်တွင်းပြည်ပဖိအားများနှင့် စိန်ခေါ်မှုများ များပြားနေခဲ့သည့်အချိန်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် မိမိတို့အစိုးရကို တရားဝင်အသိအမှတ်ပြုရန် တွန့်ဆုတ်နေခဲ့ကြပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၌ပါ မြန်မာအမြဲတမ်းကိုယ်စားလှယ်(သံအမတ်ကြီး ဦးကျော်မိုးထွန်း) အနေဖြင့် သစ္စာဖောက်ဘက်ပြောင်းသွားသည့်အတွက် နိုင်ငံတကာစင်မြင့်၌ ပြောရေးဆိုခွင့် ဆုံးရှုံးနေရသည့်အချိန်ဖြစ်ကြောင်း၊ အလားတူ အာဆီယံတွင်လည်း မြန်မာအစိုးရ ခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားခြင်းခံရသည့် အချိန်လည်းဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်လက် ပြောဆိုသည်။
ပြည်တွင်း၌လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်ပျံ့နှံ့နေသကဲ့သို့ မင်းမဲ့စရိုက် ဆန်သည့်ဆူပူမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြင်းထန်နေခဲ့သည့်အချိန်လည်းဖြစ်ကြောင်း၊ ထိုကဲ့သို့အချိန်ကာလတွင် ယင်းအမှုကိုဆက်ခံပြီး ဆောင်ရွက်ပါက ဖြစ်လာနိုင်သည့် အလားအလာကို အကောင်းအဆိုးအကျိုးအပြစ်များကို လေ့လာချိန်ဆပြီးမှ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဆုံးဖြတ်ရသည့် အဓိက အကြောင်းအရင်းမှာ အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် မြန်မာဘက်က ဆက်ခံဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ အမှုကိစ္စကို တရားပြိုင်ဘက်က မပါဝင်ဘဲလည်း တစ်ဖက်သတ် စစ်ဆေးသွားနိုင်ပါကြောင်း၊ ထိုကဲ့သို့ တစ်ဖက်သတ်စစ်ဆေးခဲ့ပါက တစ်ဖက်သတ်အချက်အလက်များကိုသာ ရယူစစ်ဆေးမည်ဖြစ်၍ မလိုလားအပ်သည်များဖြစ်လာနိုင်ကြောင်း၊ ထိုသို့ဆိုပါက မြန်မာနိုင်ငံအနေဖြင့် သမိုင်းတစ်လျှောက် ဖျောက်မရသည့် ဂုဏ်သိက္ခာအမည်းစက်ကြီး စွန်းထင်းသွားမည်ဖြစ်သကဲ့သို့ နောက်ဆက်တွဲအနေဖြင့် အခြားမလိုလားအပ်သည့်ကိစ္စများ ဆက်လက်တွဲပါလာနိုင်ကြောင်း၊ ထို့ကြောင့် ယင်းအချိန်ကာလအခြေအနေများအရ အကောင်းဆုံးဖြေရှင်းချက်အဖြစ် အဆိုပါနည်းလမ်းကို ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ရှင်းလင်း ပြောဆိုသည်။
အမှန်ဆိုပါက ICJ တရားရုံးတွင် မြန်မာနိုင်ငံက ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် ယခုအမှုသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ကိုစွဲဆိုခြင်း မဟုတ်ဘဲ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို စွဲဆိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၊ ပြည်သူလူထုနှင့် နိုင်ငံအစိုးရတို့အပါအဝင် တစ်နိုင်ငံလုံးကို တရားပြိုင်အဖြစ် စွဲဆိုတာဖြစ်သဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာ၊ ပြည်သူလူထုတစ်ရပ်လုံး၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ပတ်သက်နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံအတွက် အထူးအရေးပါသည့် ကိစ္စတစ်ရပ်လည်းဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။
ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွဲဆိုခဲ့သော အမှုမှာ ယခုအခါ မြန်မာနှင့်ဂမ်ဘီယာတို့ နှစ်နိုင်ငံလျှောက်လှဲချက်များ အဆုံးသတ်သွားပြီးနောက် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန် အချိန်ရောက်ရှိသွားပြီဖြစ်သည်။
ဇန်နဝါရီ ၂၉ ရက်နေ့ နယ်သာလန်နိုင်ငံ ၊ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင် နှစ်နိုင်ငံ အပြီးသတ် လျှောက်လှဲချက်များ ကြားနာတင်ပြကြပြီးနောက် ICJ တရားရုံး အနေဖြင့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် ဆောင်ရွက်ခဲ့သည့် လုပ်ရပ်များမှာ လူမျိုးတုံးသတ်ဖြတ်မှု (genocide) အဖြစ် သတ်မှတ်နိုင်၊ မသတ်မှတ်နိုင် ဆိုသည့် အလွန်အရေးပါသော စီရင်ချက်ကို စီရင်ဆုံးဖြတ်ရမည့် အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
လများစွာကြာ ဆွေးနွေးကြားနာမှုများ ပြုလုပ်ပြီးနောက် ယင်းအမှုကို ယခုအခါ လူထုရှေ့မှ ဖယ်ရှားကာ ICJ တရားသူကြီးများအကြား ဆွေးနွေးဆုံးဖြတ်မှု အဆင့် သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။