တရုတ်နိုင်ငံက မြန်မာနိုင်ငံသား ကျားဖြန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များနှင့် မိသားစုဝင်များကို ဆက်တိုက် ကွပ် မျက်ပြနေသော်လည်း မြန်မာစစ်တပ်ကမူ ကျားဖြန့်ပြစ်မှုများကို သေဒဏ်စီရင်ခြင်းမရှိ

တရုတ်နိုင်ငံက မြန်မာနိုင်ငံသား ကျားဖြန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များနှင့် မိသားစုဝင်များကို ဆက်တိုက် ကွပ် မျက်ပြနေသော်လည်း မြန်မာစစ်တပ်ကမူ ကျားဖြန့်ပြစ်မှုများကို သေဒဏ်စီရင်ခြင်းမရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
တရုတ်နိုင်ငံက မြန်မာနိုင်ငံသား ကျားဖြန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များနှင့် မိသားစုဝင်များကို ဆက်တိုက် ကွပ် မျက်ပြနေသော် လည်း မြန်မာစစ်တပ်ကမူ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနှင့် ဆက်နွယ်နေသော ပြစ်မှုများကို သေဒဏ်စီရင်ခြင်းမရှိကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက ဝေဖန်ထောက်ပြသည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်း တရုတ်နိုင်ငံက မကြာသေးမီဆယ်စုနှစ်များအတွင်း မမြင်ရသေးသည့် အတိုင်း အတာကြီးမားသော ကွပ်မျက်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး မာဖီးယားပုံစံ ရာဇဝတ်ဂိုဏ်းများ၏ အဓိကခေါင်းဆောင်နှင့် အဖွဲ့ဝင် ၁၆ ဦးကို လူသတ်မှု၊ ကျားဖြန့်လိမ်လည်မှု၊ လူကုန်ကူးမှု စသည့် ပြစ်မှုများအတွက် သေဒဏ်ပေး ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြစ်မှုကျူးလွန်သူများကြောင့် ထိခိုက်ဒဏ်ရာရသူများအားလုံးမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြသော် လည်း သေဒဏ်ခံရသူများထဲတွင် မြန်မာနိုင်ငံသားများ ပါဝင်နေသည်။ ကွပ်မျက်ခံရသူများမှာ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ပြီး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များကို ကွပ်မျက်လေ့မရှိသည့် မြန်မာနိုင်ငံမှ နိုင်ငံသားများဖြစ်ကြသည်။
အဆိုပါ သေဒဏ်စီရင်ခံရသော မြန်မာနိုင်ငံသားများမှာ တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် မြန်မာစစ်တပ်က တရုတ်ထံသို့ လွှဲပြောင်းပေးခဲ့သူများဖြစ်သည်။
လေ့လာသူများက အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ “အပြင်းအထန် မညှာမတာသော ဆုံးဖြတ်ချက်” ကြောင့် ပြစ်မှုကျူးလွန်သူများကို လွှဲပြောင်းပေးရန် မဖြစ်မနေ လုပ်ဆောင်ခဲ့ရကြောင်း သုံးသပ်ကြသည်။
ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်၏ သားဖြစ်သူ ပယ်ရင်ချန်း (Bai Yingcang) မှာလည်း ယခုလအတွင်း ကွပ်မျက်ခံရသည့် မြန်မာနိုင်ငံသားများထဲမှ တစ်ဦးဖြစ်သည်။ သူသည် မြန်မာ–တရုတ် နယ်စပ် ကိုးကန့်ဒေသတွင် လိမ်လည်ဆက်သွယ်ရေးနှင့် တရားမဝင်လောင်းကစား လုပ်ငန်းကြီးကို ဦးဆောင်ခဲ့သည့် ပယ်မိသားစု ရာဇဝတ်ဂိုဏ်း ၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ထိုဂိုဏ်း၏ လုပ်ရပ်များကြောင့် တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ပြီး၊ တရုတ်ရုပ်သံ CCTV တွင် ထုတ်လွှင့်ခဲ့သည့် ဝန်ခံချက်အတွင်း ပယ်ရင်ချန်းက ထောင်ပေါင်းများစွာသော တရုတ်နိုင်ငံများကို ထိခိုက်နစ်နာစေခဲ့မှုအတွက် ဝန်ခံတောင်းပန်ခဲ့သည်။
“ကျနော်တို့ မိသားစုကိုယ်စား တရုတ်ပြည်သူများနှင့် တရုတ်အစိုးရကို တောင်းပန်လိုပါတယ်။ ကျနော်တို့ရဲ့ လုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံသား အများအပြားကို ထိခိုက်နစ်နာစေခဲ့ပါတယ်” ဟု သူက ပြောကြားခဲ့သည်။
ထို့အပြင် မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ ဂိုဏ်းခေါင်းဆောင် ရွှီလောက်ဖား (Xu Laofa) တို့လည်း ကွပ်မျက်ခံရပြီး စတုတ္ထမြောက် မိသားစုဖြစ်သည့် ကိုးကန့်မှ ဝေမိသားစုဂိုဏ်းကိုလည်း တရားစွဲဆိုထားသော်လည်း လက်ရှိအချိန်အထိ အမိန့်မချမှတ်ရသေးပေ။
၂၀၂၁ စစ်အာဏာသိမ်းမတိုင်မီ မြန်မာနိုင်ငံသည် သေဒဏ်မပေးသည့် နိုင်ငံတစ်ခုဖြစ်ခဲ့သော်လည်း စစ်အာဏာ သိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးသမားများနှင့် ဒီမိုကရေစီထောက်ခံသူများအပါအဝင် လူ ၁၆၀ ကျော်ကို သေဒဏ်ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
သို့သော် တရုတ်နိုင်ငံကဲ့သို့ ကျားဖြန့်နှင့်ပတ်သက်သော ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များကို မြန်မာနိုင်ငံအတွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့ခြင်း ယခုအချိန်အထိ လုံး၀ မရှိသေးကြောင်း South China Morning Post သတင်းစာက ထောက်ပြသည်။
မင်းအောင်လှိုင်က ကျားဖြန့်နှင့်ဆက်နွယ်သည်ဟုဆိုကာ စစ်ဗိုလ်ချုပ်တချို့ကို ရာထူးမှ အနားပေး၍ နှစ်ရှည် ထောင်ဒဏ်နှင့် သေဒဏ်ချမှတ်သော်လည်း မည်သည့် စစ်ဗိုလ်ချုပ်ကိုမှ သေဒဏ်စီရင်ခြင်းမရှိသေးကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
တရုတ်ဥပဒေအရ တရုတ်နိုင်ငံသားများကို ထိခိုက်စေသည့် ပြစ်မှုများကို နိုင်ငံခြားသားများ ပြည်ပတွင် ကျူးလွန်ခဲ့ပါကလည်း တရုတ်နိုင်ငံအနေဖြင့် တရားစွဲနိုင်သည်။ အဆိုပါဥပဒေသည် ၁၉၇၉ ခုနှစ်ကတည်းက ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ် မဲခေါင်မြစ် တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရသည့် အမှုနောက်ပိုင်းတွင် အထူးအရေးပါလာခဲ့သည်။
ထိုအမှုတွင် မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် မြန်မာနိုင်ငံသား နော်ခမ်း (Naw Kham) ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပြီး ၂၀၁၃ ခုနှစ်တွင် ကွပ်မျက်ခဲ့သည်။
ဖူဒန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာရှင် လင်းမင်းဝမ် က ယခုအမှုများသည် တရုတ်နိုင်ငံ၏ အာဏာ ပြသမှု တစ်ခုဖြစ်ပြီး အနီးအနားနိုင်ငံများမှာ ဖိအားကြောင့် မဖြစ်မနေ လိုက်ပါ လုပ်ဆောင်နေရကြောင်း သုံးသပ်သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရေးထက် တရုတ်ပြည်သူ့အကျိုးစီးပွားကို ဦးစားပေးနေခြင်း ဖြစ် ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။