ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် တိုင်းပြည်၏ တချို့ကဏ္ဍများတွင် တိုးတက်မှုများ ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်းနှင့်နိုင်ငံရေးရှုပ်ထွေးသွားဟု RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရလက်ထက် ၅ နှစ်တာကာလ အတွင်း တိုင်းပြည်၏ တချို့ကဏ္ဍများတွင် တိုးတက်မှုများ ရှိခဲ့သော် လည်း စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်းနှင့်နိုင်ငံရေးရှုပ်ထွေးမှုများပေါ်ပေါက်နေရကြောင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ- RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောဆိုသည်။
ယနေ့ ကျရောက်သည့် ၇၉ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အစိုးရ ၅ နှစ်တာ ကာလအတွင်း တိုင်းပြည်၏ တချို့ကဏ္ဍများတွင် တိုးတက်မှုများ ရှိခဲ့ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ အပြီး မဲမသမာမှုများ ရှိခဲ့သည်ဟုဆိုကာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ NLD အစိုးရထံမှ အာဏာသိမ်းယူလိုက်သည့်အတွက် တိုင်းပြည်အတွင်းနိင်ငံရေး ရှုပ်ထွေးမှုများ၊ အကျပ်အတည်းများ ထပ်မံ ပေါ်ပေါက်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းခြင်းကို မထောက်ခံ၊ မကျေနပ်ကြသည့် လူထုများက လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြ ဆန့်ကျင်သော်လည်း စစ်တပ်က အင်အားသုံး အကြမ်းဖက်နှိမ်နင်းသည့်အတွက် လူထုက လက်နက်စွဲကိုင် နွေဦးတော်လှန် ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည် မငြိမ်မသက်၊ အကျပ်အတည်းဖြစ်၍ ပြည်သူလူထုမှာ စစ်ဘေးရှောင်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးရခြင်း၊ နေအိမ်ရပ်ရွာများ စွန့်ခွာရခြင်းများနှင့်ကြုံခဲ့ရကြောင်း၊ ယင်းသို့ ဖြစ်ရခြင်းမှာ တိုင်းပြည်ခေါင်းဆောင်တစ်ဦး၏ အတ္တ၊ မာန၊ လောဘကြီးမားခြင်း၊ လူထုဆန္ဒအတိုင်း မဟုတ်ဘဲ လူတစ်ဦးတည်း သဘောထားအတိုင်း ဆောင်ရွက်ခြင်းနှင့် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်မှု မရှိခြင်း၏ အကျိုးဆက်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောဆိုသည်။
တိုင်းပြည်လွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၈ နှစ်ကြာခဲ့သော်လည်း အိမ်နီးချင်းတိုင်းပြည်များကဲ့သို့ မိမိတို့ တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်ခြင်းမှာ တိုင်းပြည်ခေါင်းဆောင်များက အလယ်အလတ်လမ်းစဉ်တရားနှင့် အဆက်ပြတ်နေ၍ ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက် ၄ ချက် အကြံပြုလိုကြောင်း ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဆက်လက်ပြောဆိုသည်။
“ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ အတိတ်က အမှားတွကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင် ရွက်ခြင်း၊ တစ်ပါးသူအမှားထက် ကိုယ့်အမှားကို မြင်တတ်ခြင်း၊ အပြန် အလှန်ယုံကြည်မှု တညဆောက်ခြင်း၊ ၁၉၄၇ ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်များကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊ တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူ ဖိနှိပ်ချုပ်ခြယ်ခြင်းထက် နှစ်ဦးနှစ်ဖက် ကောင်းကျိုးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း၊ တိုင်းပြည်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်း” တို့ကို ဗိုလ်ချုပ်ကြီးရွက်ဆစ်က အကြံပြုထားကြောင်း သိရှိရသည်။