ရန်ကုန်၊ လှိုင်မြို့နယ်တွင် စစ်မှုထမ်းအတွက် ဖမ်းခံထားရသည့် လူငယ် ၂ ဦး အမြင့်မှ ခုန်ချခဲ့သည့်အတွက် ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီလ ၇၊ ၂၀၂၆
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်း စစ်မှုထမ်းအတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူငယ် ၂ ဦးဟာ ၎င်းတို့ကို ဖမ်းဆီးထားတဲ့အဆောက်အအုံကနေ ခုန်ချထွက်ပြေးဖို့ကြိုးစားခဲ့မှုအတွင်း လူငယ် ၁ ဦး သေဆုံးသွားခဲ့ပြီး၊ ကျန် လူငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအပေါ်ထပ်မှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦးဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့ နေ့လည်ပိုင်းမှာထွက်ပြေးဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီး သူတို့ကိုဖမ်းဆီးထားတဲ့ အဆောက်အဦး အပေါ်ထပ်ကနေ ခုန်ချခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီလိုခုန်ချမှုကြောင့် တစ်ဦးလက်ကျိုးသွားခဲ့ပြီး ကျန်တစ်ဦးကတော့ ခါးကျိုးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး အဲဒီ ခါးကျိုးဒဏ်ရာနဲ့ပဲ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ဆုံးပါးသွားခဲ့တယ်လို့ Hlaing Info တာဝန်ရှိသူက ပြောပါတယ်။
“ကောင်လေးတွေက ၂ ယောက်တစ်တွဲ လက်ထိတ်ခတ်ထားရင်းကနေ ခုန်ချသွားတာလို့ပြောတယ်။ နေ့လည်ဖက်ဖြစ်သွားတာဆိုတော့ အကုန်လုံးလိုလိုသိကြတယ်” လို့ လှိုင်မြို့ခံတစ်ယောက်ကလည်း မောင်းကိုပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်ရေးပိုင်းက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
“အရင်ကလည်း အဲ့ရပ်ကွက်အုပ်ကြီးက နီးစပ်ရာ မြို့နယ်တွေကနေ ဆွဲလာတဲ့ လူငယ်တွေကို ရုံးမှာ စုထားလေ့ရှိတယ်။ ပြီးမှငွေညှစ်ပြီး စစ်မှုထမ်းပို့တာပေါ့။ အခုဖြစ်စဥ်ဖြစ်ဖြစ်ပြီးချင်းလည်း ချက်ချင်းဆေးရုံကားခေါ်ပြီး ခေါ်ထုတ်သွားတယ်” လို့ Hlaing Info တာဝန်ရှိသူက မောင်းကို ဆက်ပြောပါတယ်။
အလားတူဖြစ်စဥ်မျိုး ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းကလည်း လှိုင်မြို့နယ်မှာပဲ ဖြစ်ပွားခဲ့ပါသေးတယ်။ လှိုင်မြို့နယ်၊ အုတ်ကျင်းက အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောရေးခန်းတစ်ခုမှာ ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ စိတ်ဝေဒနာရှင် လူငယ်၁ယောက်ဟာ အဆောက်အဦးပေါ်က ခုန်ချခဲ့တာဖြစ်ပြီး နေရာတင်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ပုံစာ- လှိုင်မြို့နယ်အတွင်း တွေ့ရသည့် အကြမ်းဖက်ရဲများနှင့် လူနာတင်ကားတစ်စီး (ပုံဟောင်း)