စစ်တပ်ဘက်တော်သား ရန်ကုန်တိုင်းရွှေ အသင်းဥက္ကဋ္ဌ မျိုးမြင့်၊ ဒုဥက္ကဋ္ဌ ၁ မျိုးသူဝင်းနှင့်အတွင်း ရေးမှူး နေမျိုးထက်ကို ရွှေသိုလှောင်စျေးတင်ရောင်းချမှုဖြင့် စစ်တပ်က ပြန်ဖမ်း
🟥 ရန်ကုန်မီးလင်းရွှေ အရောင်းအဝယ် စျေးကွက်တစ်ခုလုံးရပ်ဆိုင်းပြီး ၀ရုန်းသုန်းကားဖြစ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
အကြမ်းဖက် စစ်တပ်ဘက်မှ ရပ်တည်နေသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ မျိုးမြင့်၊ ဒုဥက္ကဋ္ဌ ၁ မျိုးသူဝင်းနှင့်အတွင်းရေးမှူး နေမျိုးထက်ကို ရွှေများ သိုလှောင်စျေးတင်ရောင်းချမှုဖြင့် စစ်တပ်က ပြန်ဖမ်းလိုက်ကြောင်း ယမန်နေ့ညပိုင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
ယမန်နေ့ညပိုင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ မျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ၁ မျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) ၊ အတွင်းရေးမှူး နေမျိုးထက် (ရွှေစင်အကယ်ဒမီ ရွှေဆိုင်) တို့ ၃ ဦးက ရွှေစျေးနှုန်းတည်ငြိမ်ရေး ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများ ဖြစ်လျက်နှင့် ရွှေများ ဝယ်ယူသိုလှောင်ခြင်း၊ စျေးတင်ရောင်းချခဲ့ခြင်းများ ဆောင်ရွက်ခဲ့၍ ဖမ်းဆီးပြီး အရေးယူသွားမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်သည်။
ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ မျိုးမြင့်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေအလေးချိန် စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်စျေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည် ရောင်းချရန် သိုလှောင်ထားခဲ့ ကြောင်း၊ ထို့အတူ ဒုတိယဥက္ကဋ္ဌ ၁ မျိုးသူဝင်းက အကယဒမီရွှေဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်စျေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူကာ စျေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့ကြောင်း၊ အတွင်းရေးမှူး နေမျိုးထက်က အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်စျေးနှုနး်ဖြင့် ဝယ်ယူကာ ရွှေ ၂၆၈ ကျပ်သားကို အမြတ်ရယူကာ စျေးနှုန်း ပြန်လည် မြှင့်တင်ရောင်းချခဲ့ကြောင်း သိရှိရသည်။
ယခု စစ်တပ်က ရွှေများ သိုလှောင် စျေးတင်ရောင်းချသည်ဆိုသော ပြစ်မှုဖြင့် ဖမ်းဆီးလိုက်သူ ၃ ဦးစလုံးမှာ စစ်တပ်နှင့် ဆက်ဆံရေး အလွန်အဆင်ပြေသော စစ်တပ်ဘက်တော်သားများဖြစ်ကြကြောင်း၊ စစ်တပ်၊ စသုံးလုံးနှင့်ထွေ/အုပ်များကို ငွေကြေးပေးထောက်ပံ့ပေါင်းသင်းကာ ရွှေအရောင်းအဝယ်လုပ်နေကြသူများဖြစ်ကြောင်း ရွှေကုန်သည်များက ဆိုသည်။
” ဦးမျိုးမြင့်( ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ) ဆိုရင် အာဏာစသိမ်းကတည်းက ထွေ/အုပ်၊စသုံးလုံး၊ စစ်တပ်နဲ့ ရဲတွေကို ဖုန်းဆက်ပြီး ရွှေ လမ်းငွေလမ်းဖောက်နေသူပဲ။ ရွှေအသင်းမှာလုပ်တဲ့ပွဲတိုင်း သူ့ဘော်ဒါ ဘော်ကျွတ် စခတွေကို ဖိတ်တာပဲ။ ပြီးတော့ ရန်ကုန်ရွှေအသင်းရုံးခန်းမှာ ဟောပြောပွဲတွေလုပ်ပြီး ထွေ/အုပ်၊ စသုံးလုံးနဲ့ စစ်အရာရှိတွေကို ဖိတ်ခေါ်ပြီး ဟောပြောခိုင်းတာ။ အချိန်တန်ရင် ဂေါက်လေးရိုက်၊ စခတွေနဲ့ ပဏာအင်မတန်သင့်တဲ့သူ။ အခုတော့ သူထောက်ခံတဲ့ စစ်တပ်က သူ့ကို ပြန်ဖမ်းသွားပြီ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။
စစ်တပ်က ရန်ကုန်တိုင်းရွှေအသင်းဥက္ကဋ္ဌ မျိုးမြင့်၊ ဒုတိယဥက္ကဋ္ဌ ၁ မျိုးသူဝင်းနှင့် အတွင်းရေးမှူး နေမျိုးထက်တို့ကို ဖမ်းဆီးလိုက်သည့်အတွက် ရန်ကုန်အခြေစိုက် မီးလင်းရွှေစျေးကွက် အရောင်းအဝယ်တစ်ခုလုံး ရပ်တန့်သွားပြီး စျေးကွက်ပျက်စီးသွားကြောင်း၊ ယင်းအပြင် ရန်ကုန်ရွှေအသင်းမှာလည်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အဖမ်းခံလိုက်ရသဖြင့် အသင်းပျက်စီးသွားကြောင်း သိရှိရသည်။
“တကယ်က ကမ္ဘာ့ရွှေစျေးအပြောင်းအလဲဖြစ်လို့ ကမ္ဘာ့ရွှေစျေးထိုးတက်လို့ ပြည်တွင်းရွှေက လိုက်တက်တာပဲ။ ပြည်တွင်းရွှေစျေး သိန်း ၁၀၀ ကျော်သွားချိန်မှာကတည်းက စသုံးလုံးရော၊ စရဖတွေရော ခြေချင်းလိမ်နေတာ။ စျေးကွက်ထဲမှာ။ ဒါပေမယ့် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကိုတော့ ဖမ်းမယ်မထင်ကြဘူး။ မီးလင်းရွှေစျေးကွက်ကတော့ ပျက်သလောက်ကို ဖြစ်သွားပြီ။ ဘယ်သူကမှ ပေါ်ပေါ်တင်တင် အရောင်းအဝယ် လုပ်ရဲမှာမဟုတ်ဘူး။ ရန်ကုန်ရွှေအသင်းကတော့ ကျန်တဲ့အလုပ်အမှုဆောင်တွေ အစည်းအဝေး ခေါ်ပြီး ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ပြန်ရွေးမလား၊ မရွေးဘဲ ထားမလားတော့ မသိသေးဘူး။ ဒါပေမယ့် သေချာတာက လက်ရှိ စစ်တပ်က လုပ်ပုံနဲ့တော့ ဘယ်သူကမှ တာဝန်ခံလုပ်ရဲမှာမဟုတ်တော့ဘူး။ စစ်တပ်က သတ်မှတ်တဲ့ ရွှေစျေးနဲ့ အလုပ်မဖြစ်ဘူး။ မနေ့ညက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို ဖမ်းလိုက်ပြီဆိုတာ ကြေညာလိုကတော့ ရွှေသည်တွေ တော်တော်များများ ရှောင် ကုန်ကြတယ်။ ပစ္စည်းတွေလည်း နေရာရွှေ့တဲ့သူလည်း ရွှေ့နဲ့ ၀ရုန်းသုန်းကားဖြစ်ကုန်တယ်” ဟု ရန်ကုန်အခြေစိုက် မီးလင်းရွှေကုန်သည်ကြီးက သုံးသပ်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ပြည်တွင်းတွင် ရွှေစျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်းများ မြင့်တက်သည့်အခါတိုင်း ရွှေကုန်သည်များနှင့် ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဆီးခြင်း၊ ၀ရမ်းထုတ်ခြင်းများ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိသည်။
၂၀၂၄ ခုနှစ် ဇွန်လအတွင်းကလည်း ပြည်တွင်းတွင် ရွှေစျေးနှုန်းများ မြင့်တက်အောင် ပြုလုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်နှင့် အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း အပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ဖူးသည်။
ဓာတ်ပုံ- စစ်အရာရှိများနှင့်အတူ တွေ့ရသည့် ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ မျိုးမြင့်။