မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီ အကောင်အထည်ဖော်ရန် အချိန် ၈ လ သာကျန်တော့ပြီး NUG ၊ EROs နှင့်တော်လှန်ရေးအဖွဲ့များထံသို့ အမှန်တကယ် ရောက်ရှိရေး ဆောင်ရွက်ပေးရန် အမေရိကန်အစိုးရကို BRI က တောင်းဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
အမေရိကန်သမ္မတထရမ့်က လက်မှတ်ရေးထိုးလိုက်သည့် အစိုးရအသုံးစရိတ်ဥပဒေပါ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီများ အကောင်အထည်ဖော် သုံးစွဲရန် အချိန် ၈ လ သာကျန်တော့ကြောင်း အမေရိကန်အခြေစိုက် Burma Research Institute (BRI) က ပြောဆိုလိုက်သည်။
အမေရိကန်အစိုးရအနေဖြင့် အကူအညီများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs)၊ CRPH နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများထံ အမှန်တကယ် ရောက်ရှိစေရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရန် BRI က တောင်းဆိုထားသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က က ၂၀၂၆ ဘဏ္ဍာရေးနှစ် အစိုးရအသုံးစရိတ်ဥပဒေ (FY2026 Consolidated Appropriations Act) ကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးနောက် ယင်းဥပဒေပါ မြန်မာနိုင်ငံအတွက် စုစုပေါင်း ဒေါ်လာ ၁၂၁ သန်း အကူအညီ ပေးအပ်ရန်မှာလည်း အသက်ဝင်လာခြင်းဖြစ်သည်။
အမေရိကန်အစိုးရ၏ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖြစ်ရာ မြန်မာ့အရေးအတွက် အတည်ပြုထားသော အမေရိကန်ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေးမှာ လက်ရှိအချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန် ၈ လခန့်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။
Burma Research Institute (BRI)၏ ထုတ်ပြန်ချက်အရ အမေရိကန်အစိုးရ၏ ဥပဒေပါ ပြဋ္ဌာန်းချက်များမှာ Burma Act of 2022 နှင့် ကိုက်ညီပြီး မြန်မာစစ်တပ်ကို တိုက်ရိုက်ထောက်ပံ့ခြင်း မပါဝင်ဘဲ ဒီမိုကရေစီလှုပ်ရှားမှုများ၊ ဘာသာရေးနှင့် လူမျိုးရေးအရ ဖိနှိပ်ခံနေရသည့် ပြည်သူများကို ဦးစားပေး ထောက်ပံ့သွားမည်ဖြစ်ကြောင်း ၊
အမေရိကန်ဒေါ်လာ ၁၂၁ သန်းအနက် ဒေါ်လာ ၇၅ သန်းမှာ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ အပါအဝင် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်များအတွက်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၂၅ သန်းမှာ လက်နက်မဟုတ်သော အကူအညီပေးရေးအတွက်ဖြစ်ပြီး ဒေါ်လာ ၁၀ သန်းမှာ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာ အစီအစဉ်များအတွက်ဖြစ်ကြောင်း၊ ဒေါ်လာ ၇ သန်းမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော စစ်ရာဇဝတ်မှုများ တားဆီးရေးနှင့် တာဝန်ခံမှုဆိုင်ရာ အစီအစဉ်များအတွက်ဖြစ်ကြောင်း၊ ဒေါ်လာ ၁ ဒသမ ၅ သန်း – နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ရန်ဖြစ်ပြီး ဒေါ်လာ ၁.၅ သန်းမှာ စစ်တပ်မှ CDM လုပ်စွန့်ခွာလာသူများကို အကူအညီပေးရန်ဖြစ်ကြောင်း၊ ဒေါ်လာ ၁ သန်းမှာ ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုဆိုင်ရာ အစီအစဉ်များအတွက် ဖြစ်ကြောင်း သိရှိရသည်။
BRI ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Zo Tum Hmung က “ဒီအတည်ပြုချက်ဟာ မြန်မာ့ဒီမိုကရေစီအနာဂတ်အတွက် အမေရိကန် လွှတ်တော်က ပါတီမခွဲဘဲ ထောက်ခံနေကြောင်းကို ထင်ရှားစွာ ပြသလိုက်တာပါ” ဟု ပြောကြားသည်။
ထို့အပြင် BRI ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Dr. Robin Stoops ကလည်း လက်ရှိ အမေရိကန်အစိုးရ၏ နိုင်ငံတကာ NGO များနှင့် UN အဖွဲ့အစည်းများအပေါ် ချဉ်းကပ်ပုံကို ထောက်ပြကာ ဒီမိုကရေစီအင်အားစုများထံ အကူအညီများ တကယ်ရောက်ရှိစေရန် ထိရောက်သည့် လမ်းကြောင်းများကို သေချာစွာ ချမှတ်ရန် အရေးကြီးကြောင်း ပြောဆိုသည်။