မြန်မာနှင့် ရုရှားအကြား ၂၀၃၀ အထိ ၅ နှစ်တာ စစ်ရေးမဟာမိတ်စာချုပ်သစ် လက်မှတ်ရေးထိုး
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
မြန်မာနှင့် ရုရှားအကြား ၂၀၃၀ အထိ ၅ နှစ်တာ စစ်ရေးမဟာမိတ်စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ကြောင်း ရုရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံရောက်ရှိနေသော ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူ (Sergei Shoigu) မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် သဘောတူညီချက်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဆာဂေး ရွှိုင်ဂူက “မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန် ရုရှားက အပြည့်အဝ ထောက်ခံသည်” ဟု ပြောကြားခဲ့သည်။
မြန်မာစစ်တပ်ကလည်း ယူကရိန်းကို ကျူးကျော်နေသော ရုရှားတပ်ဖွဲ့များအတွက် လိုအပ်သည့် စစ်လက်နက်ပစ္စည်းအချို့ကို ပြန်လည်တင်ပို့ပေးနေကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့အချို့က ဆိုသည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုဒဏ်ကို နှစ်ဦးစလုံး ခံနေရခြင်းကြောင့် ယခုမဟာမိတ်ဖွဲ့မှုသည် ပိုမိုခိုင်မာလာခြင်းဖြစ်သည်။
“အနောက်နိုင်ငံတွေရဲ့ ဖိအားတွေက ရပ်တန့်သွားမှာမဟုတ်ဘူး၊ ဒါကြောင့် ရုရှားရဲ့ ဘက်စုံကူညီမှုတွေကို မြန်မာအနေနဲ့ အပြည့်အဝ ယုံကြည်နိုင်ပါတယ်” ဟု ရွှိုင်ဂူက ဆိုသည်။
စစ်ကောင်စီက ပြီးခဲ့သည့်လတွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီ (USDP) က အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီကို ဖယ်ထုတ်ထားခြင်း၊ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေအများအပြားတွင် မဲပေးနိုင်ခြင်း မရှိခြင်းတို့ကြောင့် နိုင်ငံတကာက ဤရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဝေဖန်နေကြသည်။
တော်လှန်ရေးအင်အားစုများကလည်း ဤရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသောကြောင့် ပြည်တွင်းစစ်မှာ ပိုမိုပြင်းထန်လာနိုင်ခြေ ရှိသည်။