မင်းအောင်လှိုင်၏ အဆင်အခြင်မဲ့ လောဘ ကြောင့် မြန်မာနိုင်ငံ ငရဲထဲ ဆွဲချခံနေရပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ကင်မ်အဲရစ်တောင်းဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
အကြမ်းဖက် မင်းအောင်လှိုင်၏ အဆင်အခြင်မဲ့ လောဘနှင့်စိတ်အားသေးသိမ်မှုကြောင့် မြန်မာနိုင်ငံ ငရဲထဲ ဆွဲချခံနေရပြီး မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တောင်းဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်တွင် ကင်မ်အဲရစ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မင်းအောင်လှိုင်ရဲ့ လောဘ၊ စိတ်အားသေးသိမ်မှုနဲ့ အဆင်အခြင်မဲ့တဲ့ ရည်မှန်းချက်ကြောင့် မြန်မာနိုင်ငံဟာ ငရဲထဲ ဆွဲချခံလိုက်ရပါတယ်။ ပြည်သူ့ မဲဆန္ဒတွေ၊ ပြည်သူ့အသံတွေနဲ့ အနာဂတ်တွေကို စစ်အာ ဏာရှင်တွေက လုယက်သွားခဲ့တာလည်း ၅နှစ်ပြည့်ပါပြီ။ ဒီ၅နှစ်တာကာလအတွင်းမှာ စစ်အာဏာရှင်တွေဟာ ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ပြုမူခဲ့ကြပါတယ်။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တယ်၊ လူမှုပတ်ဝန်းကျင်တွေမှာ သွေးလန့်စာစားနေရသလိုဖြစ်အောင် အကြမ်းဖက်တယ်။ ကျောင်းတွေ အိမ်တွေနဲ့ အသက်တွေကို ဆုံးရှုံးပျက်ဆီးအောင်လုပ်ပါတယ်။ ဒါဟာ “အုပ်ချုပ်မှု” မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်လုံးကို အကြမ်းဖက်အနိုင်ကျင့်တာဖြစ်ပါတယ်။ ဒီ၅နှစ်ထဲမှာပဲ မြန်မာနိုင်ငံဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ၊ လိမ်လည်ဂိုဏ်းကြီးတွေ ကျက်စားရာဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပြီး မြန်မာပြည်သူတွေကိုသာမက ကမ္ဘာ့လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပါပြီ” ဟု ကင်မ်အဲရစ်က ပြောဆိုသည်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကိုလည်း စစ်တပ်က မတရားဖမ်းဆီးထားသည်မှာလည်း ၅ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တစ်ခုတည်းသော ဆန္ဒမှာ ပြည်သူများ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ရေး၊ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးနှင့် ပညာရေး၊ အားလုံးအတွက် အခွင့်အလမ်းများ တိုးတက် ကောင်းမွန်လာရေးဖြစ်ကြောင်း၊ မိခင်ဖြစ်သူက တစ်ဘ၀လုံးကို မြှုပ်နှံခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ ပြင်ကမ္ဘာနှင့် အဆက်သွယ် ဖြတ်တောက်ခံထားရကြောင်း သူက ဆက်ပြောသည်။
” ဒီနေ့မှာတော့ မေမေ ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။ မိသားစုနဲ့ကော ရှေ့နေတွေ ဆရာဝန်တွေနဲ့ပါ တွေ့ခွင့်ငြင်းဆန်ခံရသလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်ဖြတ်ခံထားရပါတယ်။
မေမေနဲ့တွေ့ချင်ပါတယ်။ နိုင်ငံတကာက ဒါကို တောင်းဆိုနိုင်တဲ့ခွန်အားရှိပါတယ်။ နှုတ်ဆိတ်နေတာဟာ သမာသမတ်ကျတာ မဟုတ်ပါဘူး။အဲ့ဒါရဲ့ အကျိုးဆက်တွေ ရှိပါတယ်။ ၅နှစ်ဆိုတာ အတော်ကြာနေပါပြီ။ မေမေ့ကို လွှတ်ပေးပါ။အာားလုံးကို လွှတ်ပေးပါ။လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး အတွက် ရပ်တည်ပါ။ ဒီကမ္ဘာကြီး နေကောင်းလာဖို့ ကျွန်တော်တို့အားလုံး အတူတူ လက်တွဲလုပ်ဆောင်ကြရအောင်ပါ” ဟု သူက ဆိုသည်။
ယင်းအပြင် စစ်တပ်က ကျင်းပပြုလုပ်ခဲ့သော အတုအယောင် ရွေးကောက်ပွဲမျာလည်း လုပ်ကြံဖန်တီး ထားသော ရွေးကောက်ပွဲသာဖြစ်ကြောင်း၊ ကြောက်ရွံ့ခြင်းအပေါ် တည်ဆောက်နိုင်သည့် အနာဂတ် ဆိုသည်မှာ မရှိကြောင်း ၎င်းက ပြောသည်။
“အခု စစ်အာဏာရှင်တွေဟာ တရားဝင်မှုကို အတင်းဖန်တီးယူဖို့ အတုအယောင် ရွေးကောက်ပွဲတစ်ခုကို လုပ်ကြံဖန်တီးခဲ့ပါတယ်။ ပြည်သူတွေရဲ့ မဲဆန္ဒအရ အနိုင်ရခဲ့တဲ့သူတွေကိုတော့ ထောင်ချထားဆဲ သတ်ဖြတ်နေဆဲပါပဲ။ ကျွန်တော် ရှင်းရှင်းပြောပါမယ်။ လွတ်လပ်မှုမရှိဘဲ တရားဝင်မှု မရှိနိုင်ပါဘူး။နိုင်ငံရေးအကျဉ်းသားတွေ ဖျောက်ဖျက်ခံထားနေရတဲ့အချိန်မှာ ဒီမိုကရေစီဆိုတာ မရှိပါဘူး။ကြောက်ရွံ့ခြင်းပေါ် တည်ဆောက်နိုင်တဲ့ အနာဂတ်ဆိုတာ မရှိပါဘူး။ ရိုးရှင်းပြီး အခြေခံကျတဲ့ အရာတစ်ခုကို ကျွန်တော်တို့ တောင်းဆိုနေတာပါ” ဟု ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက စစ်အာဏာသိမ်း ၅ နှစ်တာကာ လအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်လျက်ရှိသည်။