မြန်မာတွင် နိုင်ငံရေးတိုးတက်မှုမရှိဘဲ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပခဲ့မှုအပေါ် ဂျပန် ဝေဖန်ပြစ်တင်

မဇ္ဈိမ

မြန်မာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများကို ပြန်လွှတ်ပေးခြင်း၊ သက်ဆိုင်ပတ်သက်သူများအကြား အလေးအနက် တွေ့ဆုံဆွေးနွေးခြင်းကဲ့သို့ နိုင်ငံရေးတိုးတက်မှုဆိုင်ရာ ကြိုးပမ်းဖော်ဆောင်ခြင်း မရှိဘဲ စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပခဲ့မှုအပေါ် ဂျပန်က ဝေဖန်ပြစ်တင်သည်။

မြန်မာတွင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်း အပါအဝင် နိုင်ငံရေးအခြေအနေ တိုးတက် မှု ရှိစေရေး လုပ်ဆောင်ရန် ဂျပန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ရှိမြန်မာစစ်အုပ်စုကို ထပ်တလဲလဲ တောင်းဆိုထားခဲ့ကြောင်း၊ သို့သော် ထိုသို့ တောင်းဆိုထားသည့်အတိုင်း စစ်အုပ်စုဘက်က အကောင် အထည်ဖော် ကြိုးပမ်းခြင်းမျိုး မရှိဘဲ ရွေးကောက်ပွဲ ကျင်းပခဲ့မှုက ဝမ်းနည်းစိတ်မကောင်းဖွယ်ရာ ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီက ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာတွင် နိုင်ငံရေး အခြေအနေတိုးတက်မှု ရှိစေရေး လုပ်ဆောင်ချက်များနှင့် ဒီမိုကရေစီ နိုင်ငံရေးစနစ် မူလအတိုင်း ပြန်ရောက်လာစေရေး လုပ်ငန်းစဉ်တို့ကို ဆက်လက် အနီးကပ် စောင့်ကြည့်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လည်လွတ်မြောက်ရေး၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြား အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းရေး အပါအဝင် မြန်မာတွင် အခြေအနေ တိုးတက်စေရန် ဂျပန်အနေဖြင့် ဆက်လက် ကြိုးပမ်းအား ထုတ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောသည်။

တချိန်တည်းမှာပင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများကို ပံ့ပိုးထောက်ကူမည့် မူဝါဒအောက်တွင် ဂျပန်အနေဖြင့် မြန်မာပြည်သူများကို တိုက်ရိုက် အကျိုးဖြစ်စေမည့် နည်းလမ်းပုံစံဖြင့် ပြည်သူများ၏ဘဝကို တိုးတက်စေရေး ထောက်ကူမည် ဖြစ်သလို လူသားချင်းစာနာမှု အကူအညီများ တက်တက်ကြွကြွ ဆက်လက် ပေးသွားမည်ဟုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်တွင် ပြောသည်။

(Statement by the Minister for foreign Affairs of Japan ကို ကိုလူအေး ဘာသာပြန်သည်)