စစ်ခေါင်းဆောင် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက် ခိုက်ဆိုသော သတင်းမှာ အမှားဟု စစ်တပ်က ငြင်းဆိုပြီး မင်းအောင်လှိုင် လူမြင်ကွင်းမှ ၃ ရက်ကြာ ခေတ္တ ပျောက်နေ

စစ်ခေါင်းဆောင် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက် ခိုက်ဆိုသော သတင်းမှာ အမှားဟု စစ်တပ်က ငြင်းဆိုပြီး မင်းအောင်လှိုင် လူမြင်ကွင်းမှ ၃ ရက်ကြာ ခေတ္တ ပျောက်နေ
ရန်ကုန်၊ ဇန်နဝါရီ ၃၀
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဆိုသော သတင်းများမှာ သတင်းအမှားသာဖြစ်ကြောင်း စစ်တပ်က ငြင်းဆိုလိုက်သော်လည်း မင်းအောင်လှိုင်မှာ လူမြင်ကွင်းမှ ၃ ရက်ကြာ ပျောက်ကွယ်လျက်ရှိသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူး ပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ချိန် မင်းအောင်လှိုင်မှာ ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သို့ ခေတ္တ တည်း ခိုနေချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် စစ်အရာရှိတချို့ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောငး Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။
အကြမ်း​ဖက် ဇော်မင်းထွန်း ဦးဆောင်သော စစ်တပ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ မန္တလေးမြို နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟူသောသတင်းမှာ သတင်းအမှားသာဖြစ်ပြီး ❝မည်သည့် ရှော့တိုက်ဒုံးမှ ကျရောက်ပေါက်ကွဲမှုမရှိကြောင်း၊ သတင်းအမှားသာ ဖြစ်ကြောင်း စစ်တပ်လော်ဘီမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။
အခြားတစ်ဖက်တွင်လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း နေ ပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံပြီးသည့်နောက် ဇန်နဝါ ရီလ ၂၇ ရက်နေ့၊ ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ လူမြင်ကွင်းတွင် မည်သည့်အစည်းအဝေး၊ အခမ်းအနားမှ တက် ရောက်ခြင်းမရှိဘဲ ပျောက်ကွယ် လျက်ရှိသည်ကို မြင်တွေ့ရသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ပတ်သက်၍ သတင်းတစ်စုံတစ်ရာ မကြားမိဘဲ နေပြည်တော်တွင် ပုံမှန်အခြေအနေသာရှိကြောင်း ပြောဆိုသည်။
“နေပြည်တော်မှာ ပုံမှန်အတိုင်းပါပဲ။ ထူးထူးခြားခြားတော့ ဘာသတင်းမှ မကြားမိဘူး။ တပ်ချုပ်နဲ့ပတ်သက်လို့လည်း သတင်းတွေ ထူးထူးခြားခြား ထွက်တာမျိုးတော့ မကြားမိသေးဘူး။ အစည်းအဝေး အခမ်းအနားတွေ မတက်လည်း သူ့ရုံးတော့ သူပုံမှန်တက်နေတယ် ထင်ပါတယ်။ တစ်ခုခုဖြစ်တဲ့ သတင်း မျိုးတော့ မကြားမိသေးပါဘူး။ တကယ်လို့ တစ်ခုခု ဖြစ်တာမျိုးဆိုရင်တော့ သေချာပေါက် သတင်းကတော့ ထွက်မှာပါ။ ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အခြားတပ်သတင်းရင်းမြစ်တချို့ကမူ မန္တလေး နန်းတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်အဆင့်ထက်မနိမ့်သော စစ်အရာရှိကြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ပြင်ဦးလွင် အမှတ် ၁ စစ်ဆေးရုံ -ကုတင် ၇၀၀ တွင် ဆေးဝါးကုသမှု ခံယူရသည်ဆိုသော သတင်းများ ထွက်ပေါ်လာကြောင်း၊ သို့ရာတွင် သတင်း အတည်ပြုချက် ရယူရန် ခက်ခဲလျက်ရှိကြောင်း ပြောဆိုကြသည်။
Brave Warriors for Myanmar (BWM) အဖွဲ့မှာ စစ်တပ်၏ တိုင်းစစ်ဌာနချုပ်များ၊ စစ်စခန်းများ၊ လေ တပ်များကို စစ်ရေးပစ်မှတ်အဖြစ် ရှော့တိုက်ဒုံးများဖြင့် အမြဲလိုလို ပစ်ခတ်မှုများ လုပ်ဆောင်နေသော တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။
ဓာတ်ပုံ- ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မန္တလေးနန်းတွင်းတွင် တပ်နယ်တွေ့ဆုံပွဲ တက်ရောက်ခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်။