ဇာတ်သဘင်ကားမှောက်မှု သေဆုံးသူ ၂၂ဦးရှိလာ

ဇာတ်သဘင်ကားမှောက်မှု သေဆုံးသူ ၂၂ဦးရှိလာ
ဇန်နဝါရီ-၃၀၊ ၂၀၂၆။မေရီ/People’s Spring

ပျဥ်းမနား-တောင်ညိုလမ်းပိုင်းမှာ ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်မှု သဘင် အနုပညာရှင်၊ အတတ်ပညာရှင်တွေအပါအဝင် ၂၂ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၈ရက် ညနေပိုင်းက မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က “ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့”ဟာ တောင်တွင်းကြီးကနေ တပ်ကုန်းမြို့သို့ ဖျော်ဖြေဖို့အသွား တောင်ညိုလမ်းပိုင်းမှာ ဇာတ်ကားကြီး ချောက်ထဲကျ တိမ်းမှောက်ခဲ့ပါတယ်။
ကားပေါ်မှာ ဇာတ်အဖွဲ့သူ အဖွဲ့သား ၂၇ဦးခန့် လိုက်ပါလာပြီး ညပိုင်းအထိ သေဆုံးသူ ၁၂ ဦးခန့် ရှိပြီး ထိခိုက်ဒဏ်ရာရမှုလည်း များပြားခဲ့ကြောင်း၊ ၎င်းနောက်သေဆုံးသူတွေ ထပ်တိုးလာခဲ့ရာ စုစုပေါင်း ၂၂ ဦးအထိ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ဆိုပါတယ်။
“ဇာတ်တည်ထောင်တဲ့ မိသားစုက ၄ ယောက်ဘတောင်ပါသွားတယ်”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက်(၇၆)နှစ်အရွယ် ဆိုင်းပညာရှင် ဦးမြဝင်းက အကြီးဆုံးဖြစ်ပါတယ်။ အဆိုပါဇာတ်အဖွဲ့က ဇာတ်တည်ထောင်သူ၊ ဇာတ်မန်နေဂျာ၊မင်းသား၊ မင်းသမီး၊ လူရွှင်တော်တွေနဲ့ ကီးဘုတ်ဆရာ၊ မီးဆရာ၊ စတိတ်တာဝန်ခံ၊ နှဲပညာရှင်၊ လဂွင်းတီးပညာရှင်၊ ယာဥ်နောက်လိုက်၊ ပစ္စည်းထိန်း၊ စျေးရောင်းစတဲ့ အနုပညာအတတ်ပညာရှင် စုစုပေါင်း ၂၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ခေါင်းဆောင်မင်းသား ဇော်လေးနိုင်(ခ)သန့်ဇင်ဦးနဲ့ စက်ကိုင်၊ စတိတ်ဆရာ၊ ဆိုင်းအဖွဲ့ဝင် စတဲ့ ဇာတ်အဖွဲသား ၄ဦးလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိထားကြောင်း နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို နေပြည်တော်ရှိ ခုတင် (၁၀၀၀) ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။
(ဇာတ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ စာရင်း)