ရွှေဈေး ကျပ်သိန်း ၁၀၀အထက် ဆက်တက်နေ

ရွှေဈေး ကျပ်သိန်း ၁၀၀အထက် ဆက်တက်နေ
ဇန်နဝါရီ-၂၃၊၂၀၂၆။ဇော်ဝင်း /People’s Spring
ကမ္ဘာ့​ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။
ဒီကနေ့(ဇန်နဝါရီ ၂၃ ရက်)စံချိန်တင် ကမ္ဘာ့ရွှေစျေးမှာ တအောင်စ ၄,၉၅၅ ဒေါ်လာဖြစ်ပြီ မြန်မာ့ရွှေစျေးလည်း ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၁၀၀ နဲ့ နှစ်သိန်း ရှိတယ်လို့ ဆိုပါတယ်။
“ဒီနှစ်ထဲ ကမ္ဘာ့​ရွှေက ဒေါ်လာ ၅,၀၀၀ကျော်မယ်ဆိုပြီး သုံးသပ်ထားကြတယ်။ပြီးခဲ့တဲ့လက တအောင်သ ၄၃၀၀ ပဲရှိခဲ့တာ။ဒါကလည်း တကယ်ကို ဖြစ် လာတော့မယ်။အဓိကတော့ ဒေါ်လာထက် ရွှေကို နိုင်ငံတော်တော်များများ စုလာကြတာကြောင့်”လို့ ရွှေစျေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။
​ကမ္ဘာ့ရွှေအတက်စျေးကြောင့် ပြည်တွင်းရွှေ စျေးကွက်မှာလည်း ဇန်နဝါရီ ၂၀ ရက်ကစလို့ ၁၆ ပဲရည် တကျပ်သားကို ကျပ်သိန်း ၁၀၀ စကျော်ခဲ့ပါတယ်။
လက်ရှိ ရွှေပေါက်စျေးကြောင့် ရွှေဆိုင်တွေနဲ့ ပြင်ပ ရွှေစျေးကွက်မှာ အရောင်းပိတ်တာ ဒါမှမဟုတ် အွန်လိုင်းငွေချေစနစ်ကို လက်မခံတာ တွေ ရှိနေတယ်လို့ သိရပါတယ်။
ပြည်တွင်း ရွှေစျေးကွက်အရ ဒီကနေ့ ဇန်နဝါရီမနက်ပိုင်း အဖွင့်စျေးက ၁၆ ပဲရည်တစ်ကျပ်သားကို အရောင်း ကျပ်သိန်း ၁၀၀နဲ့ နှစ်သိန်း ဖြစ်ပြီး အဝယ်စျေး တစ်သိန်း ခွာထားပါတယ်။၁၅ ပဲရည် တစ်ကျပ်သား ရောင်းစျေးက ကျပ် ၉၅ သိန်း နဲ့ ကျပ် ၉၆ သိန်း ကြားရှိပါတယ်။
မြန်မာနိုင်ငံမှာ ရွှေစျေးစံချိန်တင် မြင့်တက်နေတာဟာ ပြည်တွင်းအခြေအနေတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရေးရာ (Global Context) နဲ့ ပြည်တွင်းစီးပွားရေး (Domestic Economy) တို့ ရောယှက်နေတဲ့အချက်တွေကြောင့်လို့ စီးပွားရေး​ကျွမ်းကျင်သူအချို့က သုံးသပ်ထားပါတယ်။
မြန်မာ့ရွှေစျေးကို အဆမတန် ခုန်တက်စေတဲ့ အဓိကလက်သည်ထဲမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာ(ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း )နဲ့ စံချိန်တင်ကမ္ဘာ့ရွှေ​စျေးကြောင့်လို့ အသိပေးပါတယ်။
အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုလျော့နည်းလာတာနဲ့ ကမ္ဘာပေါ်က နိုင်ငံတွေရဲ့ဗဟိုဘဏ်တွေဟာရွှေတွေကိုအလုအယက် ဝယ်စုနေကြတာကြောင့် အခုလို ကမ္ဘာ့‌ရွှေစျေးဟာ စံချိန်တင်စျေးဖြစ်လာပါတယ်။
ကမ္ဘာ့ရွှေစျေး တည်ငြိမ်ခဲ့ရင်တောင် ပြည်တွင်းမှာ ဒေါ်လာစျေးတက်ရင် (ကျပ်ငွေတန်ဖိုးကျရင်) ရွှေစျေး တက်ခဲ့ပါတယ်။ အခုက ကမ္ဘာ့ရွှေစျေးလည်းတက်၊ ပြည်တွင်းကျပ်ငွေတန်ဖိုးကလည်း ကျနေတဲ့အတွက် သာမန်လူတန်းစားတွေ ရွှေဝယ်နိုင်ဖို့ အလှမ်းဝေးလာပါတယ်။
ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် နဲ့ အရောင်း ကျပ် ၄,၀၀၀ဝန်းကျင် ရှိပါတယ်။