ကောလင်းမြို့နယ် ပကဖစခန်းကို လေယာဉ်၊ ဒရုန်းဖြင့် တိုက်ခိုက်၊ ပကဖ ၈ ဦး သေဆုံး

မကြာသေးခင်ကမှ နေရာပြောင်းထားသည့် ပကဖစခန်းကို လေယာဉ်၊ အသေခံဒရုန်းတို့ဖြင့် ဗုံးကြဲခဲ့ရာ စခန်းရှိ ပကဖ ရှစ်ဦး နေရာတွင်ပင် သေဆုံးသလို ပကဖ တစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်အရှေ့ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စခန်းတစ်ခုကို ယမန်နေ့က လေယာဉ်၊ အသေခံဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီ ပကဖအဖွဲ့ဝင် ရှစ်ဦး သေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ကောလင်းမြို့အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ပဒုမ္မာကျေးရွာအနီးရှိ ပကဖ စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သလို အသေခံဒရုန်း သုံးစီးဖြင့်ပါ ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ အသေခံဒရုန်း သုံးစီးဖြင့် တိုက်ခိုက်မှုသည် တိကျပြီး ပြင်းထန်သည့်အတွက် ထိခိုက်ကျဆုံးမှု များခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ Airstrike (ဗုံးကြဲ) လုပ်တာက သိပ်မထိဘူး၊ အသေခံဒရုန်းနဲ့ တိုက်တာမှာ ထိကြတာ၊ တော်တော် ထိကြတာ။ ဒဏ်ရာရတဲ့တစ်ယောက်လည်း တော်တော်ပြင်းထန်တယ်” ဟု အဆိုပါ PDF တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

အထက်ပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် စခန်းအတွင်းမှ ကန့်ဘလူခရိုင် ပကဖ အဖွဲ့ဝင် ငါးဦး၊ ကောလင်းမြို့နယ် ပကဖ နှစ်ဦးနှင့် ပင်လည်ဘူးမြို့နယ် ပကဖ တစ်ဦးတို့ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတစ်ဦးသည်လည်း အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ပကဖ အဖွဲ့နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရဲဘော်တစ်ယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရပါတယ်၊ သူလည်း အခြေအနေမကောင်းပါဘူး။ အဆုတ်ကိုတော့ မထိသေးဘူးလို့ပြောတယ် ဒါပေမဲ့ ကျန်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ ဘယ်နားမှ မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

ပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများတွင် မီးလောင်ကျွမ်းထားသည်ကို တွေ့ရပြီး ၎င်းတို့ကို ယနေ့ နံနက်တွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်းသိရသည်။

တိုက်ခိုက်ခံရသည့် ပကဖ စခန်းသည် မကြာသေးခင်ကမှ နေရာပြောင်းရွှေ့ထားခြင်းဖြစ်ပြီး စစ်တပ်က သတင်းအတိအကျရ၍ ယခုလို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

“ဒေသအခေါ်ဆိုရင်တော့ ဝက်စားကုန်းပေါ့ အဲဒီနားလေးမှာဖြစ်တာပါ တိုက်ပွဲလုံးဝမဖြစ်ပါဘူး။ တိုက်ပွဲ မဖြစ်ဘဲနဲ့ သက်သက်မဲ့ လေကြောင်းကတိုက်တာပေါ့နော် ဒရုန်းရောပဲ” ဟု အထက်ပါ ဒေသခံ အမျိုးသမီး က ပြောသည်။

မြောက်ဘက် ဝန်းသိုမြို့မှ လာသည့် အင်အား ၂၀၀ ခန့်ပါသည့် စစ်တပ် စစ်ကြောင်းတစ်ခုက ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ကောလင်းမြို့နယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးနေရာ အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ဝန်းသို၊ ကောလင်း ပကဖ အဖွဲ့ဝင် ၁၀ ဦးနှင့် အရပ်သား နှစ်ဦးတို့ကို သတ်ဖြတ်ထားသည်။

လေကြောင်းဗုံးကြဲခံရသည့် ပဒုမ္မာရွာသည် အထက်ပါ စစ်တပ်စစ်ကြောင်းဦးတည်နေသည့် လမ်းကြောင်း ပေါ်တွင် ရှိနေပြီး စစ်ကြောင်း လတ်တလော ရောက်နေသည့် တောတွင်းနေရာနှင့် ငါးမိုင်ဝန်းကျင်ခန့်သာ ဝေးသည်။

လက်ရှိတွင် ကောလင်းမြို့အရှေ့ဘက် စစ်တပ်စစ်ကြောင်း ဦးတည်ရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျောက်တန်း ၊ ခံသာ၊ ကြိုးကြာဥနှင့် ကိုင်းကြီးကုန်း စသောကျေးရွာတို့မှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ကောလင်းမြို့ အရှေ့မြောက်ဘက် မိုင် ၇၀ ကျော်အကွာ ၊ ကားဖြင့်သွားပါက သုံးနာရီခရီးဖြစ်သော ကသာမြို့ပေါ်တွင် တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်နေကြသည်။

ခရိုင်အဆင့် မြို့ကြီးတစ်မြို့ဖြစ်သော ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း သုံးလအကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က ကောလင်းမြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့သည်။

ကောလင်းမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ဝန်းသို့မြို့တွင် စစ်တပ် တပ်ရင်းနှစ်ခု အခြေစိုက်ထားသလို မြောက်ဘက်ရှိ ကျွန်းလှ၊ ကန့်ဘလူဒေသတို့တွင်လည်း စစ်တပ်နှင့် ပြည်သူ့စစ်များ အားကောင်းနေသည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် တော်လှန်ရေးတပ်များသိမ်းပိုက်ထားသည့် ဗန်းမောက်မြို့ကို စစ်တပ်နှင့် SNA တပ်များက ပြန်လည်ထိုးစစ်ဆင်နေပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြို့ပေါ်နေရာအများစု ပြန်လည်သိမ်းပိုက်ထားသည်။

ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) က မြို့ပေါင်း ၁၃ မြို့ကို သိမ်းပိုက်ထားနိုင်သလို နယ်မြေ ထိစပ်နေသော စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့များကိုလည်း NUG တပ်များက ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။

စစ်တပ်ကလည်း ၎င်းတို့ လက်လွှတ်လိုက်ရသောမြို့များကို ယမန်နှစ်ကတည်းက ပြန်ထိုးစစ်ဆင်နေရာ မန္တလေးတိုင်းအတွင်းမှ သုံးမြို့နှင့် ဗန်းမောက်မြို့ပေါ်နေရာအများစုကို ယခုနှစ်ဆန်းတွင် ပြန်လည်ထိန်း ချုပ်နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ခမ်းပတ်၊​ မြို့သစ်နှင့် ရွှေပြည်အေး မြို့များကို NUG က သိမ်းပိုက်ထားသည်။