သဥ္ဇာဝင့်ကျော်ကို ထောင်ဒဏ် ၃ လ ချမှတ်နိုင်သော ပုဒ်မ ၂၉၄ (က) ဖြင့် ဖမ်းဆီးရန် ရှိနေမှုကို ရုပ်ရုပ်အစည်းအရုံးသို့ အကြောင်းကြားမှု မရှိ

သဥ္ဇာဝင့်ကျော်ကို ထောင်ဒဏ် ၃ လ ချမှတ်နိုင်သော ပုဒ်မ ၂၉၄ (က) ဖြင့် ဖမ်းဆီးရန် ရှိနေမှုကို ရုပ်ရုပ်အစည်းအရုံးသို့ အကြောင်းကြားမှု မရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၁

မော်ဒယ်သဥ္ဇာဝင့်ကျော်ကို ထောင်ဒဏ် ၃ လ ချမှတ်နိုင်သော ပုဒ်မ ၂၉၄ (က) ဖြင့် ဖမ်းဆီးရန် ရှိနေမှုကို ရုပ်ရုပ်အစည်းအရုံးသို့ အကြောင်းကြားမှု မရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးထံမှ သိရှိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ကမာရွတ်မြို့နယ်၊ နိုဗိုတယ်ဟိုတယ်တွင် ညနေ ၅ နာရီမှ ည ၁၀ နာရီ ၃၀ အထိ ပွဲလမ်းသဘင် ခွင့်ပြုမိန့် တောင်းခံခြင်းမရှိဘဲ Cloud Seven Production & Entertainment ၏ ထူထောင်သူ ဇွဲခန့်အောင် မွေးနေ့ပွဲနှင့် ရုပ်ရှင်ဇတ်ကားမိတ်ဆက်ခဲ့ကြောင်း၊ ယင်းပွဲတွင် မော်ဒယ်သဥ္ဇာဝင့်ကျော်က ဦးစီး၍ မြန်မာ့ရိုးရာနှင့်ဆန့်ကျင်သော အများပြည်သူ မတင့်တယ်ဖွယ်ရာ အဝတ်အစားများဖြင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော Sexy Dance အကကို ကပြဖျော်ဖြေသရုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် မော်ဒယ်သဥ္ဇာဝင့်ကျော်ကို ဇန်နဝါရီလ ၁၈ ရက်နေ့ ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (က) ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် ရဲစခန်းမှူး ဒုရဲမှူး ဘတိုးက အမှုဖွင့်ထားကြောင်း သိရှိရသည်။
“ရုပ်ရှင်အစည်းအရုံးကိုတော့ ဘာမှ အကြောင်းကြားမရှိဘူး။ တကယ်ဆိုရင် ရုပ်ရှင်အစည်းအရုံးကို အကြောင်းကြားရင် ညှိနှိုင်းဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်” ဟု ရုပ်ရှင်အစည်းအရုံးမှ အရေးပါသော အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်မှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က)ဖြင့် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ ယင်းနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ သဥ္ဇာဝင့်ကျော်ကို ကမာရွတ်ရဲစခန်းက အမှုဖွင့်ထားသော ရာဇ သတ်ကြီးပုဒ်မ-၂၉၄ (က)မှာ မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင်အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသောပြုလုပ်မှု တစ်ခုခုကိုပြုလုပ်မှုဖြစ်ပြီး ထောင်ဒဏ် ၃ လ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
အကယ်၍ သဥ္ဇာဝင့်ကျော်အနေဖြင့် နောက်တစ်ကြိမ် ပြန်လည် အဖမ်းခံရပြီး ပြစ်ဒဏ်ကျခံရပါက ရှေ့တွင် ကြွင်းကျန်ရစ်နေသော ထောင်ဒဏ်များကိုပါ တစ်ပေါင်းတည်း ပြန်လည်ကျခံရဖွယ်ရှိနေကြောင်း ရုပ်ရှင်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

ထောင်ကလွတ်သည်မှာ မကြာသေးသည့် သင်ဇာဝင့်ကျော် ဖျော်ဖြေပွဲကိစ္စဖြင့် ထပ်မံအမှုဖွင့်ခံရ
20 Jan 2026 By Naing Yarzar Min / MPA
ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့သော ဖျော်ဖြေပွဲတစ်ခုတွင် ကပြဖျော်ဖြေမှုနှင့် ပတ်သက်၍ နာမည်ကြီးသရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ဖမ်းဆီးရန်အတွက် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က အမှုဖွင့်ထားကြောင်း သိရှိရသည်။
အဆိုပါအမှုမှာ ဇန်နဝါရီ (၁၅) ရက်နေ့က ပြုလုပ်ခဲ့သည့် Cloud Seven Production and Entertainment ၏ ဖျော်ဖြေပွဲတွင် ကပြခဲ့မှုအပေါ် အခြေခံကာ ကမာရွတ်မြို့မရဲစခန်း၌ ပုဒ်မ ၂၉၄(က)/၁၁၄ ဖြင့် အမှုဖွင့်လှစ်ထားခြင်း ဖြစ်သည်။
“အမှုဖွင့်ထားတုန်းပါ။ မဖမ်းရသေးဘူးလို့ သိရပါတယ်။ ဖမ်းတော့ ဖမ်းမှာပေါ့ဗျာ။ စိတ်မပူပါနဲ့” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် သင်ဇာဝင့်ကျော်သည် လိင်အသားပေး ဖျော်ဖြေမှုများဖြင့် ပြုမူခဲ့သည်ဟုဆိုကာ လူမှုကွန်ရက်ပေါ်တွင် ဗီဒီယိုများ ပျံ့နှံ့ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးရန် ဘာသာရေးအစွန်းရောက်များက လှုံ့ဆော်ခဲ့ပြီးနောက် အမှုဖွင့်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အနုပညာရှင်တစ်ဦး၏ ဖျော်ဖြေတင်ဆက်မှုအပေါ် အခြေခံ၍ အမှုဖွင့်အရေးယူခြင်းမှာ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့အပေါ် မေးခွန်းထုတ်စရာ ဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“အနုပညာရှင်တစ်ယောက်က သူ့ရဲ့ ဖန်တီးမှုကို ပရိသတ်ရှေ့မှာ တင်ဆက်တာဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ အခုလို အနုပညာဖျော်ဖြေမှုကြောင့် အမှုဖွင့်တာဟာ လူ့အခွင့်အရေးအရ ကြည့်ရင်တော့ မဖြစ်သင့်တဲ့ ကန့်သတ်ချုပ်ချယ်မှုတစ်ခုပါ” ဟု ၎င်းက မှတ်ချက်ပြုသည်။
သင်ဇာဝင့်ကျော်၏ ဖျော်ဖြေမှုကို ပွဲစီစဉ်သူများက ရုပ်သံရိုက်ကူးခွင့် ကန့်သတ်ထားသော်လည်း ပွဲလာကြည့်သူများ၏ ဖုန်းဖြင့်ရိုက်ကူးကာ ပြန်လည်ဖြန့်ဝေမှုများကြောင့် အွန်လိုင်းတွင် လူသိများသွားခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်ရပ်ကြောင့် အနုပညာသတင်းများ တင်ဆက်နေသည့် မီဒီယာအချို့မှာလည်း ဖိအားများကြောင့် သတင်းများကို ပြန်လည်ဖြုတ်ချခဲ့ရကြောင်း သိရသည်။
“ကျမတို့ သတင်းတင်ထားတာတွေပါ ပြန်ဖြုတ်ချပေးလိုက်ရတာပါ။ သင်ဇာတို့ဘက်က ပြောလာလို့လေ” ဟု ပြည်တွင်း အနုပညာသတင်းထောက်တစ်ဦးက ဆိုသည်။
“ဒီလိုမျိုး အဝတ်အစားနဲ့ ဖျော်ဖြေမှုအပေါ် မူတည်ပြီး ရာဇဝတ်အမှုအဖြစ် သတ်မှတ်တာဟာ ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ဖြစ်သလို အနုပညာရှင်တွေရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာ ရောက်နေပါတယ်” ဟု အမည်မဖော်လိုသည့် အနုပညာရှင် တစ်ဦးက ပြောသည်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ၂၀၂၂ ခုနှစ်ကလည်း အဖော်အချွတ် ဓာတ်ပုံများ ရိုက်ကူးမှုဖြင့် စစ်ကော်မရှင်၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး ၂၀၂၄ ခုနှစ်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
ယခု အမှုဖွင့်ခံရသည့် ဖျော်ဖြေပွဲသို့ အနုပညာလောကမှ ထင်ရှားသူများဖြစ်သည့် ဦးကြည်စိုးထွန်း၊ ရန်အောင်၊ မို့မို့မြင့်အောင်၊ မြင့်မြတ်နှင့် နီနီခင်ဇော်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
စာတည်း-ကိုဆန်း
#သင်ဇာဝင့်ကျော် #ဖျော်ဖြေပွဲကိစ္စ #ထပ်မံအမှုဖွင့်ခံရ #MPA #Naing_Yarzar_Min