ရန်ကုန်-မန္တလေးလမ်းဟောင်း ၊အုတ်တွင်းနှင့်ဇေယျာ၀တီအကြားတွင် တိုက်ပွဲဖြစ်ပြီး ဆီဘောက်ဆာကား အပါအဝင် ယာဉ်တချို့ မီးလောင်၊ တိုက်ပွဲကြောင့် အချိန်ပိုင်း ယာယီ လမ်းပိတ်လိုက်ရ

ရန်ကုန်-မန္တလေးလမ်းဟောင်း ၊အုတ်တွင်းနှင့်ဇေယျာ၀တီအကြားတွင် တိုက်ပွဲဖြစ်ပြီး ဆီဘောက်ဆာကား အပါအဝင် ယာဉ်တချို့ မီးလောင်၊ တိုက်ပွဲကြောင့် အချိန်ပိုင်း ယာယီ လမ်းပိတ်လိုက်ရ
ရန်ကုန်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်းရန်ကုန်-မန္တလေးလမ်းဟောင်း ၊အုတ်တွင်းနှင့်ဇေယျာ၀တီအကြားတွင် တိုက်ပွဲဖြစ်ပြီး ဆီဘောက်ဆာကား အပါအဝင် ယာဉ်တချို့ မီးလောင်ကာအချိန်ပိုင်း ယာယီ လမ်းပိတ်လိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ပဲခူးတိုင်း အုတ်တွင်းမြို့နှင့် ဇေယျာ၀တီမြို့ အကြား ညောင်လွင့်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်များနှင့်စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန်အထိ ရန်ကုန်-မန္တလေးလမ်းဟောင်းကို ယာယီပိတ်ပင်ခဲ့ရပြီး စစ်တပ်က လက်နက်ကြီးများ နံနက် ၁၀ နာရီအထိ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“အုတ်တွင်းနှင့် ဇေယျဝတီကြားညောင်လွင့်ရွာအနီးမှာ တိုက်ပွဲဖြစ်တာ။ မနေ့ညနေကနေ ဒီမနက် ၈ နာရီအထိဖြစ်တာ။ ရန်ကုန်-မန္တလေးလမ်းဟောင်းကို ယာယီပိတ်ခဲ့ရတယ်။ အခုတော့ လမ်း ပြန်ပွင့်သွားပါပြီ”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က ပစ်ခတ်သော ကျည်များထိမှန်၍ ယနေ့ နံနက် ၃ နာရီဝန်းကျင်အချိန် ဆီဘောက်ဆာကား ၁ စီးနှင့် အခြားမော်တော်ယာဉ် ၁ စီး မီးလောင်ကျွမ်းခဲ့ကြောင်း တောင်ငူအခြေစိုက် ဒေသသတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရှိရသည်။
“စစ်တပ်က စစ်ကြောင်းထိုးနေတယ်။ ရန်ကုန်-မန္တလေးလမ်းဟောင်းဘက်မှာ တိုက်ပွဲတွေ ခဏခဏဖြစ်လို့ စစ်တပ်က လမ်းဟောင်းဘက်တွေကို ရာနဲ့ချီပြီး စစ်ကြောင်းထိုးနေတာ။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်” ဟု တောင်ငူအခြေစိုက် ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။
ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေး ရွာတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရ ထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် ကင်းစခန်းတို့ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ ၅၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များ အတွင်းရှိ အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ပဲခူးတိုင်းစစ်ဌာနက တရား၀င် သတင်းထုတ်ပြန်ခဲ့သည်။