ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးမြလှိုင်နှင့်အဖွဲ့က ပြည်သူပိုင်မြေကွက်များကို အကွက်ရိုက်ရောင်းစားပြီး လိုင်းကြေးနှင့် စစ်မှုထမ်းရန်ပုံငွေအမည်တပ်ကာ ငွေများခြိမ်းခြောက်ကောက်ခံ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးမြလှိုင်နှင့်အဖွဲ့က ပြည်သူပိုင်မြေကွက်များကို အကွက်ရိုက်ရောင်းစားပြီး လိုင်းကြေးနှင့် စစ်မှုထမ်းရန်ပုံငွေအမည်တပ်ကာ ငွေများခြိမ်းခြောက်ကောက်ခံ
ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်မှ ယာယီ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြလှိုင်နှင့်အဖွဲ့က ပြည်သူပိုင် မြေလွတ်မြေကွက်များကို ကျူးကျော်နေအိမ်များ ဆောက်လုပ်ခွင့်ပြု၍ အကွက် ရိုက် ရောင်းစားနေကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ အမှတ် ၈၈ ရပ်ကွက်၊ ကံကော်မြိုင်လမ်းရှိ ပလပ်မြေကွက်လွတ်များပေါ်တွင် ယာယီအုပ်ချုပ်ရေးမှူး မြလှိုင်နှင့် ရာအိမ်မှူးအဖွဲ့က ကျူးကျော်နေအိမ် ၂၀ ခန့်ကို အခကြေးငွေရယူ၍ အကွက်ရိုက်ဆောက်လုပ်နေထိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ရပ်ကွက်အတွင်းရှိ ဘေးတွဲသုံးဘီးဆိုင်ကယ် အစီးရေ ၅၀၀ နီးပါးကို တစ်စီးလျှင် လစဉ် ၅,၀၀၀ ကျပ်နှုန်းဖြင့် “လိုင်းကြေး” ဟု အမည်တပ်ကာ တစ်လလျှင် စုစုပေါင်း ငွေကျပ် ၂၄ သိန်းခန့်ကို တရားမဝင် ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
” အမှတ် ၈၈ ရပ်ကွက်အတွင်း စစ်မှုထမ်းတပ်သားသစ်ကို အကြောင်းပြပြီး စစ်မှုထမ်းအမည်ပါသူ ‌နေအိမ်တစ်အိမ်ကို ၂၀,၀၀၀ ကျပ်နဲ့ တခြား အိမ်ထောင်စုဇယား၊ဧည့်စာရင်း၊ကျူးကျော် အိမ်တွေကလည်း အိမ် ၁၀,၀၀၀ ကျပ် လတိုင်းကောက်နေတာ”ဟု ‌ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ ငွေကြေးများကို ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၅,၀၀၀ ကျော်ထံမှ လစဉ်ကောက်ခံနေခြင်းဖြစ်ပြီး တစ်လလျှင် သိန်းပေါင်း ၅၀၀ ကျော်အထိ ရှိကာ အဆိုပါ ငွေများကို အုပ်ချုပ်ရေးအဖွဲ့က ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်နေခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။