ထားဝယ်ခရိုင်တပ်ရင်း(၁) တပ်ရင်းမှူးရဲဘော် နဂါးကျဆုံးမှု ဗျူဟာ(၃၃)နဲ့ မွန်တပ် MSRF ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ထားဝယ်ခရိုင်တပ်ရင်း(၁) တပ်ရင်းမှူးရဲဘော် နဂါးကျဆုံးမှု ဗျူဟာ(၃၃)နဲ့ မွန်တပ် MSRF ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
ဇန်နဝါရီ-၁၈၊ ၂၀၂၆။ ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး နဂါးရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစားဦးညွှတ်ကြောင်း PDFအထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။
တပ်ရင်းမှူး နဂါးဟာ ၂၀၂၅ ဒီဇင်ဘာ ၃၀ရက် တိုက်ပွဲမှာ ထားဝယ်ခရိုင်၊ အမှတ်(၁)တပ်ရင်းနဲ့ စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရတာလို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
တပ်ရင်းမှူးရဲဘော်နဂါးရဲ့ မိဘဆွေမျိုတွေ၊ ကျန်ရှိနေတဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူ ထပ်မတူ ဝမ်းနည်းကြောင်း နည်းဗျူဟာ(၃၃)ရဲ့ သဝဏ်လွှာမှာဖော်ပြထားပြးမပြီးဆုံးသေးသောတော်လှန်ရေးခရီးစဉ်ကို ဆက်လျှောက်ရင်း အရေးတော်ပုံ အောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ ကတိပြုထားပါတယ်။
ဗျူဟာ(၃၃)ဗျူဟာမှူး ရဲဘော်စောဒါးကိုကလည်း “ ညီရဲ့မပြီးပြတ်သေးတဲ့ တာဝန်ကို အကို ၂ဆ အလုပ်လုပ်သွားမယ် ညီ… အာဇာနည်သူရဲကောင်း ရဲဘော် နဂါးအတွက် အကို အလေးပြုပါတယ်”လို့ လူမှုကွန်ရက်မှာ ရေးသားကာ ရဲဘော်နဂါးရဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။
မွန်ပြည်တော်လှန်ရေးတပ်(MSRF)ကလည်း တပ်ရင်းမှူး ရဲဘော်နဂါး ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ MSRFဟာ တပ်ရင်းမှူး ရဲဘော်နဂါးနဲ့ အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲတွေမှာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲအတွေ့အကြုံ များရှိခဲ့ကြောင်း ဖော်ပြပါတယ်။
တပ်ရင်းမှူး ရဲဘော်နဂါး ရဲ့ မိဘဆွေမျိုးတွေ၊ ရဲဘော်ရဲဘက်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း MSRFက သဝဏ်လွှာ ပေးပို့ခဲ့ပြီး ရဲဘော်နဂါးရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစားဦးညွှတ်ကြောင်း၊ မပြီးသေးတဲ့ တော်လှန်ရေးခရီးကို မဟာမိတ်တပ်တွေနဲ့အတူ ဆက်လျှောက်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြု ဖော်ပြထားပါတယ်။
တပ်ရင်းမှူးနဂါးရဲ့ထားဝယ်ခရိုင်၊ အမှတ်(၁) တပ်ရင်းကလည်း တပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ကျဆုံးခဲံမှု အပေါ် ဝမ်းနည်းကြောင်းထုတ်ပြန်ကာ ဆောင်ရွက်လက်စဖြစ်သော အာဏာရှင်စနစ်ကျရှုံးရေး၊ ဒီမိုကရေစီအရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တာဝန်တွေကို ကျန်ရစ်သူရဲဘော်တွေက ဆက်လက်အကောင်ထည်ဖော် တိုက်ပွဲဝင်သွားမယ်လို့ လေးနက်စွာ ကတိသစ္စာ ပြုကြောင်း အသိပေးထားပါတယ်။
(ကျဆုံးသွားတဲ့ PDF ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး နဂါး။ဓာတ်ပုံ – ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း)