အဆိုတော် ရှင်မင်းမြတ်ကို မူဆယ်ပွဲငှားဟုဆိုကာ ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက် ငွေညှစ်မှု သိန်း ၃၀၀၀ ကျော် ပါသွား၊ မူဆယ်ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထား

အဆိုတော် ရှင်မင်းမြတ်ကို မူဆယ်ပွဲငှားဟုဆိုကာ ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက် ငွေညှစ်မှု သိန်း ၃၀၀၀ ကျော် ပါသွား၊ မူဆယ်ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထား
ရန်ကုန်၊ ဇန်နဝါရီ ၁၆

ပြည်တွင်းမှ အဆိုတော် ရှင်မင်းမြတ်ကို မူဆယ်ပွဲငှားဟုဆိုကာ ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက် ငွေညှစ်ခဲ့ပြီး သိန်း ၃၀၀၀ ကျော် ပါသွားကာ မူဆယ် ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထားကြောင်း ကာယကံရှင်ဖြစ်သူ အဆိုတော်ရှင်မင်းမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့ ဖျော်ဖြေရေးပွဲငှားရမ်းသည့် အ ကြောင်း ပြချက်ဖြင့် ခေါ်ဆောင်ခြင်းခံရသည့် အဆိုတော် ရှင်မင်းမြတ် ခေါ် ကိုအောင်ကျော်စိုးက ကျားဖြန့် ဂိုဏ်းတစ်ခု၏ ပြန်ပေးဆွဲနှိပ်စက်ခြင်းကို ခံခဲ့ရပြီး ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုတော် ရှင်မင်းမြတ်က ရှင်းပြသည်။
မူဆယ်တွင် ပွဲငှားသဖြင့် ဇန်နဝါရီလ ၄ ရက်နေ့ ရန်ကုန်မှ မန္တလေးသို့ လေယာဉ်ဖြင့်လည်းကောင်း၊ မန္တလေးမှ မူဆယ်သို့ ကားဖြင့်လည်းကောင်း သွားရောက်ခဲ့ပြီး မူဆယ်မြို့ရှိ He Xing (ဟော်ရှိုင်း) ဟိုတယ်တွင် တည်းခိုခဲ့ရ‌ကြောင်း၊ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပွဲကျင်းပမည့်နေရာသို့ ကြည့်ရှုရန်ဟုဆိုကာ ကားဖြင့် ခေါ်ဆောင်သွားစဉ် လက်နက် ကိုင်ဆောင်ထားသူ ၅ ဦး၏ ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။
“ဖမ်းတာက အဖွဲ့အစည်းကလား သေချာတော့ မသိလိုက်ဘူး။ သူတို့ စစ်ဆေးရေးဂိတ်မှာ မေးလိုက်တော့ သူတို့က ဖြေလိုက်တာ သူတို့က နမ့်ဖက်ကာလား မသိဘူး ဖြေလိုက်တယ်”ဟု အဆိုတော် ရှင်မင်းမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုတော်ရှင်မင်းမြတ်ကို လူသူဝေးရာ ဂိုဒေါင်တစ်ခုအတွင်းသို့ ခေါ်ဆောင်ကာ မျက်လုံးများကို အဝတ်စည်း၊ လက်ထိပ်ခတ်၍ ကျပ်သိန်း ၇,၀၀၀ ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ငွေကြေးချက်ချင်း မပေးနိုင်သည့်အတွက်ကြောင့် သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်ခြင်း၊ တုတ်များဖြင့် ခန္ဓာကိုယ်အနှံ့ ပြင်းထန်စွာ ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ထို့အပြင် ၎င်းကို အတွင်းခံဘောင်းဘီတစ်ထည်တည်းဖြင့် ဗီဒီယိုရိုက်ကူးကာ “ငွေသိန်း ၃,၀၀၀ ချေးယူထားပါသည်” ဟု အဓမ္မဝန်ခံခိုင်းခဲ့ကြောင်း၊ ယင်းဗီဒီယိုဖြင့် ထပ်မံခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းု သိရသည်။
အဆိုတော် ရှင်မင်းမြတ်က မိသားစုဝင်များနှင့် နီးစပ်သူများ၏ အကူအညီဖြင့် ကျပ်သိန်းပေါင်း ၃,၀၀၀ ကို WeChat Pay နှင့် KPay များမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ရသည့်အပြင် ၎င်း၏ WeChat အကောင့်မှတစ်ဆင့်လည်း ယွမ် ၁၀,၀၀၀ ကျော်အား အဓမ္မချေးယူ လွှဲပြောင်းခိုင်းကြောင်း၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် မူဆယ်မြို့ပြင်၌ စွန့်ပစ်ခြင်း ခံခဲ့ရကာ ဖုန်း၊ ပတ်စပို့နှင့် အခြားတန်ဖိုးရှိ ပစ္စည်းများအားလုံးကိုလည်း အဆိုပါဂိုဏ်းက သိမ်းဆည်းသွားခဲ့ကြောင်း သိရှိရသည်။
“အဓိကက ကိုယ့် မြန်မာပြည်သူပြည်သား အချင်းချင်း လုပ်တာကို တကယ်စိတ်နာတယ်။ တခြားလူတွေလည်း မဖြစ်ဖို့ အဲဒါကိုလည်း သတိထားဖို့ ပြောချင်တယ်”ဟု အဆိုတော် ရှင်မင်းမြတ်က ၎င်းကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်ခေတ်သစ်မှတစ်ဆင့် ပြည်သူလူထုသို့ အသိပေးပြောဆိုသည်။
အဆိုတော် ရှင်မင်းမြတ် ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်မျိုး ၂၀၂၃ ခုနှစ်အတွင်းက တရုတ်အနု ပညာရှင် Li Wei ထိုင်းနိုင်ငံမှတစ်ဆင့် နယ်စပ်ရှိ ကျားဖြန့်စခန်းတစ်ခုသို့ ပြန်ပေးဆွဲ ခေါ်ဆောင်ခံရပြီး ပြင်းထန်စွာ နှိပ်စက်ငွေညှစ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပုံစံချင်း တူညီနေသည်။
အဆိုပါ ကျားဖြန့် (Online Scam) ဂိုဏ်းများသည် ယခင်က သာမန်အလုပ်အကိုင် ရှာဖွေသူများကိုသာ ပစ်မှတ်ထားလေ့ရှိသော်လည်းယခုနောက်ပိုင်းတွင် ငွေကြေးအမြောက် အမြားညှစ်ယူနိုင်သည့် အနုပညာရှင်များနှင့် နာမည်ကျော်ကြားသူများကို “ပွဲငှားရမ်းခြင်း” သို့မဟုတ် “လုပ်ငန်းကမ်းလှမ်းခြင်း” အကြောင်းပြချက်များဖြင့် ထောင်ချောက်ဆင် ဖမ်း ဆီး ငွေညှစ် နှိပ်စက်ညှဉ်းပန်းလာသဖြင့် သတိထားသင့်ကြောင်း အနုပညာရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။