ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ

ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ
ဇန်နဝါရီ-၁၅၊ ၂၀၂၆။ People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၄ရက် မနေ့က ထပ်မံထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်စွဲတဲ့ နေရာတချို့ကို ထပ်မံ သိမ်းရသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦး လက်နက်ချခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့က ဗန်းမော် အခြေစိုက် စစ်ကောင်စီရဲ့ထောက်ပံ့ရေးတပ် ထပရ(၉၃၃)တပ်ရင်းအဝင် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်လက်နက်ချခဲ့တယ်လို့ ကချင်စစ်ရေးအောင်ပွဲတွေကို ဖော်ပြလေ့ရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အဲဒီဖော်ပြမှုနဲ့ပတ်သက်လို့ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဟုတ်မှန်တယ်လို့ ဆိုထားပါတယ်။
KIA ပူးပေါင်းတပ်ရဲ့ ထိုးစစ်ဆင်မှု ပြန်လည်စတင်တဲ့ မနေ့က ဗန်းမော် အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)၊ ခလရ(၄၇)၊ စနခ(၆၄၁)တပ်ရင်းနဲ့ မြို့တွင်းနေရာတွေ အများအပြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စွဲရာနေရာတချို့ကို သိမ်းရထားတယ်လို့ ကြားရကြောင်း နောက်ထပ်ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့က ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောတာပါ။
ဗန်းမော်မြို့ စစ်ရေးအခြေအနေတွေကိုသိရဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့ သိမ်းနိုင်ဖို့ ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာပါ။
ဒါ့အပြင် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းအနီးမှာ ဒီနေ့ ဇန်နဝါရီ ၁၅ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံတွေ ဆူညံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့ မော်ဖောင်းရပ်ကွက်၊ နမ့်ပေါင်ရွာမှာရှိတဲ့ လေတပ်ဝင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက်နဲ့ ၂၆ရက်ကလည်း ရှော့တိုက်ဒုန်းနဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴