မြန်မာကို ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော်မှာဆွေးနွေး

၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၂၁ သန်း ပေးအပ်မယ့် ဥပဒေကြမ်းတစ်ခု အမေရိကန် အောက်လွှတ်တော်(ကွန်ဂရက်) က အဆိုပြုထားတယ်လို့ အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ပြောပါတယ်။

အမေရိကန်နိုင်ငံ ရဲ့ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ် အတွက် ရေးဆွဲထားတဲ့ ဥပဒေကြမ်း (H.R. 11) မှာ အခုလို မြန်မာနိုင်ငံအတွက် ပေးအပ်ဖို့ ထည့်သွင်းထားတာဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်အောက်လွှတ်တော် က အဆိုပြုထားတဲ့ အဆင့်သာဖြစ်ပြီး အရင်ဆုံး အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်(ဆီးနိတ်)မှာ လွှတ်တော် ၂ ရပ် မဲခွဲဆုံးဖြတ် သဘောတူညီပြီးမှသာ သမ္မတက လက်မှတ်ထိုးပြီး အတည်ပြုပြီး‌နောက်မှ အသက်ဝင်မှာဖြစ်တယ်လို့ ဦးဂျိမ်းရွှေက ဆိုပါတယ်။

ဒီအမေရိကန်ဒေါ်လာ ၁၂၁ သန်းကို ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုတွေ အပါအဝင် တခြားသော အကူအညီတွေပေးဖို့၊ လူသေစေနိုင်သော လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးဖို့၊ စစ်တပ်နဲ့ မဟာမိတ်တပ်တွေကနေ ဘက်ပြောင်းခိုလှုံလာတဲ့ သူတွေကို ကူညီရေး နဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး စတဲ့ ကိစ္စရပ်တွေ မှာ အသုံးပြုရမှာဖြစ်တယ်လို့ ကနဦး အဆိုပြုချက်‌တွေအရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကလည်း အမေရိကန်အစိုးရက မြန်မာနိုင်ံငံ အတွက် လူသားချင်းစာနာမှုခေါင်းစဉ်အောက်ကနေ ကန်ဒေါ်လာသန်း ၅၀ ပေးအပ်ခဲ့ဖူးပြီး အခုတခေါက်က ၂ ဆပိုများ တဲ့ ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဦးဂျိမ်းရွှေက “ဒီဥပဒေကြမ်းက အဆိုပြုချက် အဆင့်မှာပဲ ရှိသေးပေမယ့် အမေရိကန်လွှတ်တော်က လျှော့မပစ်ဘဲ မူလအတိုင်း ထားရှိတာဟာ ကျွန်တော်တို့ မြန်မာ့ဒီမိုကရေစီအရေးကို သူတို့ ဆက်လက် အလေးထားတယ်ဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်” လို့ ရေးသားပါတယ်။