ရန်ကုန်လေဆိပ်တွင် ပြည်ပသွားရောက်မည့် အလုပ်သမားများ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုစာရင်းတွင် နာမည်ပါဝင်မှ ပြည်ပထွက်ခွင့်ပြုမည့် စနစ်ပြောင်းလဲလိုက်သဖြင့် ပြည်ပ ထွက်ခွာမည့် အလုပ်သမားအားလုံး လေဆိပ်မှ လှည့်ပြန်ရ

ရန်ကုန်လေဆိပ်တွင် ပြည်ပသွားရောက်မည့် အလုပ်သမားများ အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုစာရင်းတွင် နာမည်ပါဝင်မှ ပြည်ပထွက်ခွင့်ပြုမည့် စနစ်ပြောင်းလဲလိုက်သဖြင့် ပြည်ပ ထွက်ခွာမည့် အလုပ်သမားအားလုံး လေဆိပ်မှ လှည့်ပြန်ရ
ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရန်ကုန်လေဆိပ်တွင် ပြည်ပသွားရောက်မည့် အလုပ်သမားများအားလုံးအနေဖြင့် အလုပ်သမားဝန်ကြီး ဌာန၏ ခွင့်ပြုစာရင်းတွင် နာမည်ပါဝင်မှ ပြည်ပထွက်ခွင့်ပြုမည့် စနစ်ပြောင်းလဲလိုက်သဖြင့် ပြည်ပ ထွက်ခွာမည့် အလုပ်သမားအားလုံး လေဆိပ်မှ လှည့်ပြန်ရကြောင်း ယနေ့ လေဆိပ်မှ လှည့်ပြန်ခဲ့ရသည့် အလုပ်သမားများက ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ သွားရောက်မည့် အလုပ် သမားများနှင့်ပတ်သက်၍ စည်မျဉ်းနှင့်စနစ်သစ် ထုတ်ပြန်လိုက်ပြီး အဆိုပါ စနစ်သစ်တွင် OWIC ခေါ် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ကိုင်ဆောင်ထားသောသော ပြည်ပသွားရောက် မည့် အလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနထံသို့ ပြည်ပထွက်ခွာခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားရာတွင် ဗီဇာ၊ နိုင်ငံကူးလက်မှတ် မိတ္တူ၊ OWIC ကတ မိတ္တူ၊ လေယာဉ်လက်မှတ်မိတ္တူများကို တင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လျှောက်ထားပြီးနောက် အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့်ပြုကြောင်း နာမည်စာ ရင်း ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ထိုသို့ ကြေညာထားသော နာမည်စာရင်းတွင် ပါဝင်မှသာလျှင် ပြည်ပသို့ ထွက်ခွာခွင့်ရရှိမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ထွက်ခွာရာတွင်လည်း ခွင့်ပြုသည့်နေ့တွင်သာ မဖြစ်မနေ ထွက်ခွာရမည်ဖြစ်ပြီး ခွင့်ပြုသည့်နေ့တွင် ထွက်ခွာနိုင်ခြင်းမရှိပါက ထွက်ခွာခွင့် ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။
“အရင်တုန်းက အလုပ်သမားတွေ အလုပ်သစ်နဲ့ ပြည်ပထွက်တာ၊ ခွင့်ပြန်တာ၊ အလည်ပြန်လာပြီးတော့ ပြည်ပထွက်ရင် အလုပ်သမားဝန်ကြီးဌာနကို အီးမေးလ်ပို့ပြီးတော့ လေဆိပ်မှာ အီးမေးလ်ပြပြီး ထွက်လို့ရတယ်။ အခုက အီးမေးလ်ကနေလည်း လျှောက်ခွင့်မရတော့ဘူး။ အမြန်ချော စာပို့၊ ကိုယ် စားလှယ် (သို့မဟုတ်) လူကိုယ်တိုင်လျှောက်ရမယ်။ အဲဒါလည်း ဘယ်လောက်ကြာမယ် ဆိုတာ မသိရဘူး။ ဘယ်လောက်ကြာမှ ခွင့်ပြုမလဲမသိဘူး။ မနေ့ ညပိုင်းက ထုတ်ပြန်တာ။ ဒီမနက်ကစပြီး အသက်ဝင်တယ်” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယနေ့ ရန်ကုန်လေဆိပ်တွင် ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာမည့်သူအားလုံးကို စနစ်သစ် စတင် သည်ဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ အားလုံးကို ပြန်နှင်လွှတ်ခဲ့ကြောင်း၊ ပြည်ပသို့ ထွက်ခွာမည့် မြန်မာအလုပ်သမားများမှာ လေယာဉ်လက်မှတ်များ ဆုံးရှုံးရသည့်အပြင် ချိတ်ဆက်ထားသော အလုပ်အကိုင်များပါ ဆုံးရှုံးမည့်အခြေအနေများ ရင်ဆိုင်နေရကြောင်း သိရှိရသည်။
“စင်ကာပူကနေ ခွင့်ရလို့ ပြန်လာတာ။ သူတို့ ပြောသလို အီးမေးလ်ပို့ထားပြီးပြီ။ လေဆိပ်ရောက်မှ အီးလေးပြပြီး ထွက်လို့မရဘူးဆိုပြီး လေယာဉ်ပေါ် တက်ခွင့်မပေးဘူး” ဟု စင်ကာပူတွင် အလုပ်လုပ်ကိုင်ရင်းဖြင့် အလည်ပြန်လာသူ မြန်မာအင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။
အဆိုပါ စနစ်သစ်နှင့်ပတ်သက်၍ အလုပ်သမားများက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနထံသို့ ဆက်သွယ်၍ ခွင့်ပြုမိန့်ချပေးမည့် အချိန်ကာလ မည်မျှ ကြာနိုင်သည်ကို ဆက်သွယ်မေးမြန်းသော် လည်း တစ်စုံတစ်ရာ ပြန်ဖြေဆိုခြင်းမပြုဘဲ ဝန်ကြီးဌာနက ပြည်ပသို့ အလုပ်သမားများကို အစည်း အဝေးထိုင် ခွင့်ပြုပေးမည်ဟုသာ ပြောဆိုကြောင်း သိရှိရသည်။