နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ စစ်တပ်ဂိတ်၊ ဖြူးမြို့နယ်နှင့် ပဲနွယ်ကုန်းမြို့နယ်ရှိ တပ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၁၁
နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နန်းချိုးချောင်းရေကျော်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇နာရီခန့်အချိန် လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ နန်းချိုးချောင်းရေကျော်တွင် အတင်း အဓမ္မ ဂိတ်ဖွင့်ပြီး ဆက်ကြေး ကောက်ခံနေသော အကြမ်းဖက် စစ်သားများကို ပြည်သူများ၏ အကြိမ်ကြိမ်တောင်းဆိုမှုများကြောင့် ဝရဇိန်တပ်ဖွဲ့၏ ချေမှုန်းရေးတပ်ဖွဲ့ဝင်များက အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်ဖက်စစ်တပ်ဘက်မှ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာပြင်း ထန်ပြီး သေဆုံးနိုင်ကြောင်း၊ ယင်းသို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သား ၂ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
“အဲဂိတ်မှာက စစ်ခွေး အင်အားက ပုံမှန်ဆို ၄ ယောက် ၅ ယောက်လောက်ပဲရှိတာ။ ဒေသ ပြည်သူတွေကို ဆက်ကြေးကောက်ဖို့ဂိတ်ထိုင်နေကြတာပါ။ ကျနော်တို့က အနီးကပ်ကို ဝင်ရောက် ပစ်ခတ်တိုက် ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင်ကတော့ ကျည်ထိပြီး သေဆုံးနိုင်ပါတယ်။ အဲစစ်ခွေး ၂ ကောင်ကို နေပြည် တော်ကုတင် ၁၀၀၀ စစ်ဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်။ အနီးကပ်ဝင်ပစ်ပြီး အလျင်အမြန် ဆုတ်ခွာလာရတာဆိုတော့ မှတ်တမ်းတော့မရလိုက်ဘူး။ ပြည်သူတွေရဲ့ လူနေမှု ဘဝကို ထိပါးရင် ကျနော်တို့ပြတ်ပြတ်သားသားဆောင်ရွက်မှာပါ” ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်းအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း ဒေသ အောင်မြင်စစ်ဆင်ရေး အဖြစ် ယနေ့ နံနက်ပိုင်း ဖြူးမြို့နယ်နှင့် ပဲနွယ်ကုန်းမြို့နယ်ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အောင်မြင်စစ်ဆင်ရေးအနေနဲ့ ဆက်လက်ဆောင်ရွက်နေတာဖြစ်လို့ ထိတွေ့မှုတွေ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူက ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ် များက ဖြူးမြို့နယ်၊ ဆားဂွန်းကျေးရွာအနီးရှိ စစ်တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးအနား ကျေးရွားများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ယင်းအပြင် ယနေ့ နံနက်ပိုင်း ပဲနွယ်ကုန်းမြို့နယ်၊ ဘုရင်မပန်းခြံနှင့် အောင်မြေကုန်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းကလည်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေး ရွာတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရ ထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် ကင်းစခန်းတို့ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ ၅၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များ အတွင်းရှိ အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ပဲခူးတိုင်းစစ်ဌာနက တရား၀င် သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- ဇန်နဝါရီလ ၉ ရက်နေ့ ရန်ကုန်-မန္တလေးလမ်းဟောင်းသို့ တက်ရောက် တိုက်ပွဲ ဆင်နွှဲခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်တချို့။