ရန်ကုန်နှင့်ပဲခူးအစပ်တွင် စစ်ဆင်ရေးများ ဖော်ဆောင်ရန်ရှိနေသဖြင့် စစ်ရေးအခြေအနေများကို ပြည်သူများ သတိပြုကြရန် တိုက်တွန်း

ရန်ကုန်နှင့်ပဲခူးအစပ်တွင် စစ်ဆင်ရေးများ ဖော်ဆောင်ရန်ရှိနေသဖြင့် စစ်ရေးအခြေအနေများကို ပြည်သူများ သတိပြုကြရန် တိုက်တွန်း
ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းအစပ်တွင် စစ်ဆင်ရေးများ ဖော်ဆောင်ရန်ရှိနေသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများကို သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက တိုက်တွန်းပြောဆိုသည်။
ရန်ကုန်နှင့်အနီးစပ်ဆုံး ပဲခူးတိုင်း စစ်ဆင်ရေးနယ်မြေတွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ တောကျွဲအင်းမြို့ အပါအဝင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိက်ခဲ့ပြီး စစ်သား ၅၀ ဦးသေဆုံးခဲ့ကြောင်း၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင် ခြေ ထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် ကင်းစခန်းတို့ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့သည်။
လက်ရှိ စစ်ရေးအခြေအနေမှာ ရန်ကုန်တိုင်းနှင့် ရန်ကုန်-ပဲခူးအစပ်နေရာများဆီသို့ စစ်ဆင်ရေးများ ရောက်ရှိလာမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများကို အမြဲမပြတ် သတိပြု ရမည်ဖြစ်ကြောင်း ရဲဘော်တင်ဦးက ရှင်းပြသည်။
“ရန်ကုန်တိုင်းစစ်ဌာန အနေနဲ့ ရန်ကုန်တိုင်းအတွင်း စစ်ရေးဖော်ဆောင်နိုင်အောင် ကြိုးစားရပါမယ်။ကျနော် တို့ စစ်ဆင်ရေးဖော်ဆောင်တိုင်း ပြည်သူလူထု ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင် ရွက်ပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ်က တစ်နိုင်ငံလုံး ပြန့်နှံ့လာပြီဖြစ်လို့ ပြည်သူများအနေနဲ့ စစ်ရေးသတိထားပြီး နေသင့်ပါတယ်” ဟု ရဲဘော်တင်ဦးက ရှင်းပြသည်။
လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များက ရန်ကုန်-မန္တလေး လမ်းဟောင်း လမ်းပိုင်းတချို့ကို ထိန်းချုပ်ထားပြီး ဖြတ်သန်းသွားလာနေသော ပြည်သူများအနေဖြင့် ဂရုတစိုက် သွားလာကြရန် လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်တပ်နှင့် တော်လှန်ရေးတပ်များ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ရဲဘော်တင်ဦးက ဆက်လက်ရှင်းပြသည်။
“ရန်ကုန်-မန္တလေး တချို့လမ်းပိုင်းကတော့ ကျနော်တို့ အတိုင်းအတာတခုထိတော့ ထိန်းချုပ်ထားဆဲပါ။ ဒါကြောင့် ဖြတ်သန်းသွားလာတာ ဂရုစိုက်ဖို့လိုပါတယ်။ ထိတွေ့မှုကတော့ အချိန်မရွေးဖြစ်နိုင်ပါတယ်”ဟု ရဲဘော်တင်ဦးက ဆက်လက်ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များ အတွင်းရှိ အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၄၀ ခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ပဲခူးတိုင်းစစ်ဌာနက တရား၀င် သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် တောင်ကျွဲအင်းမြို့ကို ယမန်နေ့ တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ခဲ့စဉ်။