မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်များကို အငြိမ်းစားပေးပြီး အမေရိကန်၊ တရုတ်နှင့်ရုရှားသံအမတ် အပါအဝင် အရေးပါသော သံအမတ်ကြီး နေရာများတွင် အဆက်မပြတ် ခန့်အပ်နေ
ရန်ကုန်၊ ဇန်နဝါရီ ၈



အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်များကို အငြိမ်းစားပေးပြီး အမေရိကန်၊ တရုတ်နှင့်ရုရှားသံအမတ် အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများအဖြစ် အဆက်မပြတ် ခန့်အပ်စေ လွှတ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လေတပ်မှ အနားပေးလိုက်သည့် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို တရုတ်နိုင်ငံသံအမတ်ကြီးအဖြစ် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်းကောင်း၊ ယင်းနောက် လေကြောင်းရန် ကာကွယ်ရေးမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်ကို ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးကိုလည်း အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း ခန့်အပ်မည်ဖြစ်ကြောင်း သိရှိရသည်။
“ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေး(ရေ)ကို အမေရိကန်၊ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့် (လေ) က တရုတ်သံ အမတ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် (လေ/ရန်)ကို ရုရှားသံအမတ်ကြီးတွေအဖြစ် ခန့်အပ်မယ်လို့ သိရတယ်။ အဲဒီ ၃ ဦးလုံးက စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ကျောင်းဆင်းတွေပါ။ အပတ်စဉ် ၃၂ တွေကိုချည်းပဲ သံအမတ် တွေအဖြစ်ပို့နေတာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ရေတပ် စစ်ဗိုလ်ချုပ်ဘ၀မှ သံအမတ်ကြီးဖြစ်လာမည့် ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနေရာကိုလည်း ရေတပ်မှ ဗိုလ်ချုပ် ကျော်ကျော်ထူးကို ခန့်အပ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
“အရင်က ဇော်ဝင်းမြင့် (လေ)ကို တရုတ်သံမတ်၊ အေးမင်းထွေး(ရေ)ကိုလည်း သံအမတ်ကြီးအဖြစ် ခန့်မယ်ဆိုတာ အော်ဒါထွက်နေပြီ၊ သံအမတ်အဖြစ် ခန့်ဖို့ကတော့ သေချာသလောက်ရှိနေပြီ။ ရေတပ်မှာလည်း ရာထူးတွေနဲ့ ဗိုလ်ချုပ်တွေအပြောင်းအလဲရှိတယ်။ ဒါပေမယ့် ရေချုပ် ဘိုထိန်ကတော့ မပြောင်းဘူး။ဒုချုပ် အေးမင်းထွေးကတော့ နိုင်ငံခြားရေးကိုပြောင်းမယ်။ သူ့နေရာကို ကျော်ကျော်ထူးလို့ သိရတယ်။ ပြောင်းမှာတော့သေချာတယ်” ဟု ရေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အတွင်း စစ်ဗိုလ်ချုပ်နေရာအပြောင်းအလဲများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက် ပြုလုပ်လျက်ရှိနေပြီး တချို့သော လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်များကို ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမည့် ကြံ့ဖွတ်အစိုးရတွင် ဝန်ကြီးနှင့်အရေးကြီးသော တာဝန်များ ပေးအပ်ရန် ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။