မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ စစ်တပ်နှင့်ချုပ်ဆိုသော စာချုပ်မှာ အတည်မဖြစ်ဘဲ ဧရာဝတီမြစ် ထာဝရ စီးဆင်းနိုင်ရေး NUG နှင့် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်းဆောင်ရွက်မည်

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ စစ်တပ်နှင့်ချုပ်ဆိုသော စာချုပ်မှာ အတည်မဖြစ်ဘဲ ဧရာဝတီမြစ် ထာဝရ စီးဆင်းနိုင်ရေး NUG နှင့် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်းဆောင်ရွက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၆
ကချင်ပြည်နယ်တွင် စစ်ကောင်မရှင် ပြန်လည် စတင်ရန် ပြင်ဆင်နဗသာ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ စစ်တပ်နှင့်ချုပ်ဆိုသော စာချုပ်မှာ အတည်မဖြစ်ဘဲ ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၁/၂၀၂၆)အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲပြီးသည်နှင့် မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်စတင်ရန် ပြင်ဆင်နေပြီး အမျိုးသားညီညွတ်ရေး အစိုးရ၏ သဘောထားကို အလေးအနက် တင်ပြလိုကြောင်း၊ ပထမဦးဆုံးပြောကြားလိုသည်မှာ အကြမ်းဖက်စစ်အုပ်စုမှာ တရားမဝင် အာဏာလု အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏သဘာဝ သယံဇာတများကို ရောင်းစားပိုင်ခွင့်၊ နိုင်ငံတကာစာချုပ်များ ချုပ်ဆိုပိုင်ခွင့်လုံးဝမရှိကြောင်း သူက ပြောသည်။
“အကြမ်းဖက်စစ်အုပ်စုနဲ့ ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မဆို အတည်ဖြစ်မှာ မဟုတ်သလို၊ ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုမှန်သမျှဟာ စစ်အုပ်စုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ တာဝန်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးမှာလည်း အစားထိုးမရနိုင်အောင် ကြီး မားလှကြောင်း၊ ဆည်ကြောင့် နုန်းမြေစီးဆင်းမှုရပ်တန့်သွားလျှင် ဧရာဝတီတိုင်းရှိ လယ်ယာမြေများ၏ မြေ ဆီလွှာ ပျက်စီးသွားမည်ဖြစ်သည့်အပြင် မြစ်ရေစီးအား မမှန်ကန်တော့သည့်အတွက် ပင်လယ်ဆားငန်ရေများ ကုန်းတွင်းပိုင်းသို့ ဆန်တက်လာပြီး မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံး စိုက်ပျိုး၍ မရနိုင်အောင် ပျက်စီးသွားနိုင်ကြောင်း ဦးနေဘုန်းလတ်က ဆက်လက်ပြောဆိုသည်။
“စစ်ကိုင်းငလျင် ပြတ်ရွေ့နဲ့ နီးကပ်လွန်းတာကြောင့် ဆည်ကျိုးပေါက်ခဲ့ရင်လည်း ကချင်ပြည်နယ်က မြို့ကြီးတွေဟာ မိနစ်ပိုင်းအတွင်း ရေအောက်ရောက်သွားမယ့် အန္တရာယ် ရှိနေပါတယ်။ အခုလို အချိန်မှာ စစ်အုပ်စုက မြစ်ဆုံ စီမံကိန်းကို ပြန်စဖို့ ကြိုးစားတာဟာ ၎င်းတို့ရဲ့ အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့ နှလုံးသားကို ထိုးကျွေးလိုက်တာပဲ ဖြစ်ပါတယ်။ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့အသံကို နာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရ စီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ ပူးပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်” ဟု သူက ပြောသည်။
၂၀၁၁ ခုနှစ်တွင် ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တစ်ဦးချင်း သီးသန့် တွေ့ဆုံခွင့်ရရန်၊ စစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရေးအတွက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဧရာ၀တီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် စစ်တပ်အနေဖြင့် အဆင့်သင့်ရှိသည်ဟု တရုတ်နိုင်ငံသို့ တရား ဝင် အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဧရာ၀တီမြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးအရ တွက် ခြေကိုက်နိုင်မည့် တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အဖြစ် တည်ဆောက်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း မြစ်ကြီးနားခရီးစဉ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နှင့်အတူ ပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက် ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ဧရာ၀တီမြစ်ဆုံစီမံကိန်းကို စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ပြီးနောက် စီမံကိန်းများကို အထောက် အထား ခိုင်လုံမှုမရှိဘဲ ကန့်ကွက်လျှင် ကန့်ကွက်သည့်ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။