အစွမ်းကုန် ခုခံခဲ့ပေမယ့် နယ်မြေတွေ လက်လွှတ်ရလို့ ပြည်သူလူထုကို တောင်းပန်ကြောင်း MDY-PDF ထုတ်ပြန်၊ ဆုံးရှုံးနယ်မြေတွေ ပြန်သိမ်းပိုက်နိုင်ရေးနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု၊

အစွမ်းကုန် ခုခံခဲ့ပေမယ့် နယ်မြေတွေ လက်လွှတ်ရလို့ ပြည်သူလူထုကို တောင်းပန်ကြောင်း MDY-PDF ထုတ်ပြန်၊
ဆုံးရှုံးနယ်မြေတွေ ပြန်သိမ်းပိုက်နိုင်ရေးနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု၊
တေဇ/MFP၊ ဇန်နဝါရီ – ၃

မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာရှိ စစ်စခန်းတွေ အပါအဝင် မန္တလေးဒေသအတွင်းရှိ မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် ဒေသအချို့တို့ကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် တိုက်ခိုက်သိမ်းယူသွားတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို တောင်းပန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီဆင်နွှဲတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ၂၀၂၄ နှစ်လယ်ပိုင်းမှာ စဉ့်ကူးမြို့နယ်လုံးကျွတ် အပါအဝင် မတ္တရာမြို့နယ် အရှေ့ခြမ်းနဲ့ သပိတ်ကျင်းမြို့နယ် ဒေသအချို့၊ မန္တလေး – သပိတ်ကျင်း ကားလမ်းတို့ကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် တစ်နှစ်ကျော်ကြာ ထိန်းချုပ်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ သိမ်းပိုက်နယ်မြေတွေ ပြန်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
“အထွေထွေ သာလွန်အင်အားသုံး တန်ပြန်ထိုးစစ်များကြောင့် အဆိုပါ နယ်မြေများကို အကြမ်းဖက် စစ်အုပ်စုက ပြန်လည် ထိန်းချုပ်နိုင်သွားသည့်အတွက် ဒေသခံများ အပါအဝင် ပြည်သူလူထု အပေါင်းကို ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အနူးအညွတ် တောင်းပန်အပ်ပါသည်” လို့ MDY-PDF က ဖော်ပြပါတယ်။
လက်ရှိမှာ ယာယီ ဆုတ်ခွါပေးထားခြင်းသာ ဖြစ်ပြီး နယ်မြေတွေ ပြန်ရရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ဆက်လက် တိုက်ပွဲဝင်မယ်လို့လည်း MDY-PDF က ဆိုပါတယ်။
“ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် လက်လွတ်ခဲ့ရသော နယ်မြေများကို ညီနောင် တော်လှန်ရေး လအင်အားစုများနှင့်အတူ ပူးပေါင်းလက်တွဲကာ ပြန်လည် သိမ်းပိုက်နိုင်ရေး အပါအဝင် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းကို ပြည်သူလူထုထံသို့ လေးနက်ခိုင်မာစွာ ကတိသစ္စာပြုအပ်ပါသည်”
MDY-PDF အနေနဲ့ နယ်မြေတွေကို စိုးမိုးထိန်းချုပ်ထားစဉ်အတွင်ူ ပြည်သူ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ညီနောင် တော်လှန်ရေးအင်အားစုများနဲ့အတူ ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ မူဝါဒနဲ့ လမ်းညွှန်ချက်တွနဲ့အညီ လိုက်နာ ဖော်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုဟာ စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် ၂၀၂၄ ဩဂုတ်လကုန်ပိုင်က စတင်ပြီး မြေပြင်၊ ဝေဟင်၊ ရေပြင် (ဧရာဝတီမြစ်ကြောင်း) နည်းလမ်းမျိုးစုံသုံးကာ တန်ပြန် ထိုးစစ်တွေ အပြင်းအထန် ဖော်ဆောင်ခဲ့လို့ MDY-PDF အနေနဲ့ ညီနောင် နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲကာ အချိန် (၁၈) လကျော် တစ်နှစ်ခွဲတိုင် မဆုတ်တမ်းခံစစ်အနေနဲ့ ခုခံကာကွယ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
“အဆိုပါ ဒေသများကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေစဉ်ကာလနှင့် ခုခံစစ် ကာလများအတွင်း အသက်၊ သွေး၊ ချွေးပေါင်းများစွာ ထည့်ဝင်ပေးဆပ်ကာ စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သည့် ရာပေါင်း များစွာသော တော်လှန်ရေးစစ်သည် အပေါင်းအား ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အစဉ် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်”
MDY-PDနြဲ့ ညီနောင်နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေဟာ အဲ့ဒီ စိုးမိုးထိန်းချုပ်နယ်မြေတွေ ကာကွယ်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြပေမယ့် စစ်ဗျူဟာသဘောအရ စစ်ဦးကျွံနေမှု၊ စစ်အုပ်စုရဲ့ အဖက်ဖက် သာလွန်အင်အားနဲ့ တန်ပြန်ထိုးစစ်ဆင်လာမှု၊ အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဝင်ရဲဘော်တွေ အနားမရဘဲ စစ်ပန်းလာမှုနဲ့ တိုက်ပွဲဝင် လူအင်အားနဲ့ လက်နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုတွေကြောင့် မတ္တရာမြို့နယ် အရှေ့ခြမ်း၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် နယ်မြေအချို့တို့ကနေ ခွါစစ်ဆင်ကာ ယာယီအားဖြင့် ဆုတ်ခွါပေးခဲ့ရတာ ဖြစ်တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းနိုင်ရေး ပံ့ပိုးကူညီခဲ့သလို ဆက်လက်ပြီးတော့လည်း ပြည်သူလူထုကို တတ်နိုင်သမျှ ကူညီပံ့ပိုးမယ်လို့လည်း MDY-PDF က ဆိုပါတယ်။
စဉ့်ကူးမြို့ အပါအဝင် စဉ့်ကူးနယ်လုံးကျွတ် တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့စဉ်/Photo – MDY-PDF