ဇန်နဝါရီ-၂၊ ၂၀၂၆။စု/People’s Spring
နွေဦးတော်လှန်ရေးရဲ့ အင်အားစုတွေအားလုံးဟာ အထူးသဖြင့်စစ်ရေးကဏ္ဍဘက်မှာ ဗဟိုကွပ်ကဲမှု တခုတည်းအောက်မှာ စုစည်းနိုင်ရင် စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ အကောင်းဆုံးအင်အားဖြစ်ပြီး တော်လှန်ရေး ဦးဆောင်မှုပေးမယ့်အဖွဲ့ ဖွဲ့စည်းဖို့ အားထုတ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်က ၂၀၂၆နှစ်သစ်ကူးမိန့်ခွန်းမှာ အခုလိုအသိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။
“စစ်ရေးကဏ္ဍဘက်တွင်သာမကပဲ နိုင်ငံရေးကဏ္ဍဘက်မှာ လည်း ခေါင်းဆောင်များအားလုံးပါဝင်နိုင်မယ့် ညီလာခံတရပ်ကို ကျင်းပပြီး တော်လှန်ရေးကို ဦးဆောင်မှုပေးမယ့်၊ ပြည်သူတွေ မျှော်မှန်းခဲ့ကြတဲ့ အင်အားကြီးအစုအဖွဲ့တခုသာ ပေါ်ပေါက်လာမယ်ဆိုရင် ဒီတော်လှန်ရေးဟာ စစ်ရေး၊ နိုင်ငံရေး ပေါင်းစပ်မှုများနဲ့ အောင်မြင်မှု ပန်းတိုင်ဆီ အမြန်တက်လှမ်းနိုင်မယ်လို့ ယုံကြည်တာကြောင့် ဒီ့အတွက်ကိုလည်း အထူးအားထုတ်ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားလိုပါတယ်။” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။
မနေ့က ဇန်နဝါရီ ၁ရက်မှာထုတ်ပြန်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ ၂၀၂၅စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေအစီရင်ခံစာမှာလည်း စစ်ကာလ နိုင်ငံရေးဟာ စစ်အောင်နိုင်ရေး ဖြစ်တယ်လို့ ယုံကြည်တာကြောင့် နိုင်ငံရေးနဲ့ စစ်ဗျူဟာတွေ မှန်ကန်စေဖို့ ကြိုးပမ်းလျက် မဟာမိတ်တွေနဲ့ အတူ မဟာဗျူဟာမြောက် စုစည်းညီညွတ်မှုကို တည်ဆောက်သွားမယ်လို့ အသိပေးဖော်ပြထားပါတယ်။
NUGယာယီသမ္မတ ဒူဝါလရှီးလကလည်း တော်လှန်ရေး ဘက်တော်သားအချင်းချင်း ညီညွတ်ရေး အလေးထားဖို့ နှစ်သစ်ကူးမိန့်ခွန်းမှာ သတိပေး ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်အုပ်စု အနေနဲ့ ပြည်သူကြားမှာ ဝေဝါးမှုတွေ ဖြစ်အောင်၊ ဝိရောဓိတွေ များပြားအောင် သွေးထိုးလှုံ့ဆော် နေတာတွေ များပြားလာကြောင်း ယာယီသမ္မတကပြောကြားပြီး ပြည်သူအချင်းချင်း သွေးကွဲအောင်၊ လူမျိုး အချင်းချင်း အမုန်းတရား ကြီးထွားအောင် သွေးထိုးလှုံ့ဆော်နေတာတွေကို နိုင်ငံရေးအသိ၊ တော်လှန်ရေးသတိနဲ့ ဆင်ခြင်ကြဖို့ သတိပေးပါတယ်။
“အကြမ်းဖက် စစ်ခေါင်းဆောင်တွေ ဖန်တီးတဲ့ ထောင်ချောက်တွေကို ရှောင်ရှားနိုင်ဖို့ အသိနဲ့ သတိအမြဲရှိကြရမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ နွေဦးတော်လှန်ရေး ဟာ “ညီညွတ်ရေးကို အခြေခံမူထားပြီး” ရှေ့ဆက်နေတာဖြစ်တာကြောင့် ညီညွတ်ရေးကို အထိခိုက် မခံရအောင် အထူး သတိထားဖို့ ပြောကြားလိုပါတယ် ” လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားပါတယ်။
တော်လှန်ရေး ဘက်တော်သား အချင်းချင်းအကြား မုန်းတီးပြစ်တင်ဝေဖန်မှုတွေကို အထူးရှောင်ရှားကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းထားပါတယ်။