ပြင်ဦးလွင်တွင် ကော်ဖီစိုက်ပျိုးမြေ ဧက ၂ သောင်းနီးပါးကို မင်းအောင်လှိုင်မိသားစုက သိမ်းယူရန် စိတ်ဝင်စားနေပြီး ကော်ဖီမစိုက်လျှင် မြေပြန်သိမ်းယူမည်ဟု စတင်ခြိမ်းခြောက်လာ

ပြင်ဦးလွင်တွင် ကော်ဖီစိုက်ပျိုးမြေ ဧက ၂ သောင်းနီးပါးကို မင်းအောင်လှိုင်မိသားစုက သိမ်းယူရန် စိတ်ဝင်စားနေပြီး ကော်ဖီမစိုက်လျှင် မြေပြန်သိမ်းယူမည်ဟု စတင်ခြိမ်းခြောက်လာ
ရန်ကုန်၊ ဇန်နဝါရီ ၂
မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ကော်ဖီစိုက်ပျိုးမြေ ဧက ၂ သောင်းနီးပါးကို မင်းအောင်လှိုင်မိသားစုက သိမ်းယူရန် စိတ်ဝင်စားနေပြီး ကော်ဖီမစိုက်လျှင် မြေပြန်သိမ်းယူမည်ဟု စတင်ခြိမ်းခြောက်လာနေကြောင်း တပ်အသိုင်းအ၀ိုင်းနှင့် ကော်ဖီစိုက်တောင်သူများထံမှ သိရှိရသည်။
ယခင် သန်းရွှေ ခေတ်ကတည်းက ပြင်ဦးလွင်တွင် ကော်ဖီစိုက်ပျိုးမြေများကို စတင်ချထားပေးခဲ့ပြီး စိုက်ပျိုးမြေဧကအားဖြင့် ၂ သောင်းဝန်းကျင်ရှိကြောင်း၊ အဆိုပါ စိုက်ပျိုးမြေများတွင် ကော်ဖီစိုက်ပျိုးသူ ဧက ၅ ထောင်နှင့် ၁ သောင်းအကြားရှိပြီး ကျန်သော မြေဧရိယာများမှာ မြေလွတ်များအဖြစ် ရှိနေကြောင်း၊ ယင်းမြေလွတ်နေရာများကို မင်းအောင်လှိုင်က သိမ်းယူရန် စိတ်ဝင်စားနေပြီး အထူးသဖြင့် ရတနာပုံမြို့သစ်စီမံကိန်းနှင့်အပြိုင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဖော်ထုတ်ရန်နှင့် မင်းအောင်လှိုင်မိသားစုက မြေနေရာ ရယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
” ပြင်ဦးလွင်ကို ရောက်တဲ့အချိန်မှာ အကြီးအကဲ(မင်းအောင်လှိုင်)က မြေလွတ်နေရာတွေရှိသေးလားဆိုတာ အမြဲ ဆန်းစစ်ခိုင်းတယ်။ အဲဒီမှာ တိုင်းမှူးနဲ့ ဝန်ကြီးချုပ်က ကော်ဖီစိုက်ပျိုးမြေတွေမှာ မစိုက်မပျိုးဘဲ ထားတဲ့ဧရိယာတွေတော့ ရှိတယ်ဆိုတာမျိုး တင်ပြတာရှိတယ်။ မြေလွတ်တွေကို မြို့ပြစီမံကိန်း လုပ်ရမယ်ဆိုတာမျိုး လမ်းညွှန်တဲ့အတွက် ပြန်လည်စိစစ်ခိုင်းတာတွေ လုပ်နေကြပြီ” ဟု ပြင်ဦးလွင်မှ တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ယခုအခါ စစ်တပ်က ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမြေများပေါ်တွင် ကော်ဖီမစိုက်ဘဲ အိမ်ဆောက်ခြင်း၊ အကွက်ရိုက်၍ နေထိုင်ခြင်း ၊ အကွက်ရိုက်၍ မြေကွက်များ ရောင်းချခြင်းများကို စိစစ် ဖော်ထုတ် အရေးယူ မြေသိမ်းဆည်းရန် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က စိစစ်မှုများ စိစစ်မှုများ လုပ်ဆောင်နေကြောင်း၊ ကော်ဖီမစိုက်သော မြေများကို ပြန်လည် သိမ်းယူပြီး မင်းအောင်လှိုင် ဖော်ဆောင်မည့် မြို့ပြ စီမံကိန်း ဖော်ဆောင်ရေး စီမံချက်အတွင်းသို့ ထည့်သွင်းရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ပြင်ဦးလွင်မှာ ကော်ဖီစိုက်တောင်သူတွေကို တပ်ကပြောင်းလာတဲ့ညွန်ကြားရေးမှူး ခင်ဇော်က ကော်ဖီမစိုက်ရင်မြေသိမ်းမယ်။ အထက်က အမိန့်ဆိုပြီး ခြိမ်းခြောက်နေပါတယ်။ မသိမ်းရအောင် ၁ ဧက ကို ၁၀သိန်းလာဘ်ယူပါတယ်။ သူစိုက်ပေးရင် ၄၀၀ တန်အပင်ပေါက် ကို ၁ ပင်ကို ၁၀၀၀ စျေးနဲ့ တဧက သိန်း ၅၀ လောက်တောင်းပါတယ်။ လက်ရှိပေါက်ဈေးထက် သိန်း ၃၀ ကျော် ပိုယူပါတယ်။ မြေသိမ်းမှာ ကြောက်လို့ အပူရှိန်ပြင်းလည်း ကော်ဖီ စိုက်ရပါတယ်။ အဲဒီလို အနိုင်ကျင့် သိမ်းပြီးရင် သူအဆင်ပြေတဲ့သူကို ငွေယူပြီး ပြန်ချပေးပါတယ်။ နည်းပညာနဲ့ ဘာအထောက်အပံ့မ မပေးဘဲ အနိုင်ကျင့်ခြိမ်းခြောက်လာတယ်။ အဓိက သူတို့က မြေသိမ်းချင်နေတာ” ဟု ပြင်ဦးလွင်မှ ကော်ဖီစိုက်တောင်သူတစ်ဦးက ပြောဆိုသည်။
မင်းအောင်လှိုင်က ပြင်ဦးလွင်ကို ရန်ကုန်မြို့နှင့်အပြိုင် စီးပွားရေးမြို့တော်၊ ဆေး ဝါးကုသရေးမြို့တော်နှင့် အပန်း ဖြေ Resort မြို့တော်အဖြစ် အသွင်ပြောင်းလဲရန် ညွှန်ကြားနေပြီး မြေလွတ်မြေရိုင်းမှန်သမျှကို ဖော်ထုတ်ရန်၊ ၎င်းထံသို့ တင်ပြရန် စေခိုင်းလျက်ရှိကြောင်း သိရှိရသည်။
မင်းအောင်လှိုင်မိသားစုက စစ်အာဏာသိမ်းပြီးနောက် ပြင်ဦးလွင်တွင် စစ်တပ်နှင့်အတူ မြေသိမ်းမှုများ လုပ် ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်အတွင်း ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုးကျေးရွာအုပ်စုရှိ မြေဧက ၂၀၀ ဒသမ ၄ ဧကကိုလည်း ပြည်သူများထံမှ အတင်းအကျပ် သိမ်းယူခဲ့ကြောင်း၊ ယင်းသိမ်း ယူ မြေများအနက်မှ လမ်းမမျက်နှာစာတန်း မြေဧက ၅၀ ကို မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ အမည်ဖြင့် မြေများ ပြန်လည် ချထားပေးခဲ့ကြောင်း သိရှိရသည။