ရန်ကုန်မှာ နယူးရီးယားည ယာဥ်တိုက်မှုကြောင့် လေးယောက်သေပြီး နှစ်ယောက် ဒဏ်ရာပြင်းထန်
ဇန်နဝါရီ ၁ ၊၂၀၂၆
GG (VOM)





နယူးရီးယားည နဲ့ နယူးရီးယား အပြီး နှစ်သစ်ကာလ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန် မှာ ယာဥ်တိုက်မှုကြောင့် လေးယောက် သေဆုံးကာ နောက်ထပ် နှစ်ယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး အရေးပေါ် ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်အစော ၄ နာရီ ကျော်လောက်မှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ ငွေဗျိုင်းဖြူ ဆီဆိုင်အနီးမှာ ရပ်ထားတဲ့ ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်မိပြီး ကားပေါ်ပါသူတွေ အနက် နှစ်ယောက် သေဆုံးကာ နှစ်ယောက် ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ် ။
သေဆုံးသူ နှစ်ယောက်က အမျိုးသမီး နဲ့ အမျိုးသား ဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိ သူတွေကလည်း အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ဖြစ်ကာ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း ၊ လက်ရှိမှာတော့ ဒဏ်ရာရရှိ သူတွေကို ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုပေး နေတယ်လို့ သိရပါတယ်။
” ရပ်ထားတဲ့ ဆန်ကားကို အိမ်စီးကားက နောက်ကနေ ဝင်တိုက်တာ ။ ရန်ကုန်ဘက်ကို လာတဲ့ကားပါ။ ကားက အရှိန်ပြင်းတဲ့ ပုံရတယ် ။ဆန်ကားရဲ့ အောက်ထဲကို ညပ်ဝင်သွားတာ ။ သေတာက အိမ်စီးကားပေါ်က ယာဥ်မောင်း နဲ့ နောက်ခန်းက ထိုင်တဲ့ အမျိုးသမီးပါ။ ဒဏ်ရာရ သူတွေကလည်း နှစ်ယောက်လုံး အနီရောင်အဆင့် ပါ ။ ကားထဲကနေ တော်တော်လေး ဆွဲထုတ်ခဲ့ရတယ်။ခေါင်းတွေချည်းပဲ ဒဏ်ရာများတယ်။ အလောင်းတွေက လှိုင်သာယာ ဆေးရုံမှာပို့ထားတယ်။ ” လို့ မြေပြင် ကူညီရေး ဆောင်ရွက် ခဲ့တဲ့ လှိုင်သာယာ မြို့နယ်၊ မေတ္တာအလင်းရောင် လူမှုကူညီရေး အသင်း တာဝန်ရှိသူက ပြောပါတယ်။
ရန်ကုန် ၊ မင်္ဂလာဒုံ မြို့နယ် ၊ ပျဉ်းမပင် မှတ်တိုင်အနီး မှာလည်း ဒီကနေ့ မနက်အစော ၅ နာရီလောက်က တက္ကစီကား နဲ့ YBS ၄၁ တို့ တိုက်မိ ပြီး တက္ကစီ ယာဥ်မောင်း အမျိုးသား တယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသား ရုပ်အလောင်း ကိုတော့ ပုလဲ အရန်မီးသတ် တပ်ဖွဲ့က အင်းစိန် ဆေးရုံကို ပို့ဆောင် ထားတယ်လို့ သိရပါတယ် ။
ဒါအပြင် နယူးရီးယားည ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီလောက်မှာလည်း ရန်ကုန် ၊ မင်္ဂလာဒုံအမှတ်(၃)လမ်းမ ၊ သင်္ကန်းကျွန်း ကြီးမှတ်တိုင် အနီးမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသား တယောက် ယာဥ်တိုက်ခံရပြီး နေရာမှာပဲ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသား ရုပ်အလောင်း ကို ပုလဲ အရန်မီးသတ် တပ်ဖွဲ့မှ မေဓါဝီ ဆေးရုံကို ပို့ဆောင် ထားတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – san oo / ပုလဲအရန်မီးသတ်
#Voiceofmyanmar #VOM #ရန်ကုန် #နယူးရီးယားည #ယာဥ်တိုက်မှု #သေဆုံး