နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို နှစ်သစ်မှာ NUG လွတ်ငြိမ်းခွင့်ပေး၊
နန်းယု/MFP၊ ဇန်နဝါရီ – ၁
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ်သစ်ကူးနေ့ ဖြစ်တဲ့ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အကျဉ်းသား ၁၁၀ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းကို NUGသမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ – ၄၀၁၊ ပုဒ်မခွဲ-၁ အရ NUG ရဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်နဲ့အကျဉ်းစခန်းတွေမှာရှိတဲ့ အကျဉ်းသားတွေအထဲက ၁၁၀ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းခွင့် ပြုလိုက်တာဖြစ်ကြောင်း NUGရဲ့ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ကျန်ရှိတဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊အကျဉ်းသူတွေအနေနဲ့လည်း လက်ရှိကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံကို လျှော့ကျခွင့်ပေးထားကြောင်း ဖော်ပြထားပါတယ်။
လက်ရှိဆောင်ရွက်ချက်တွေဟာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေ့ပြေးစဉ်းစားချက်ဖြစ်ပြီး ပြည်သူလူထုတွေအနေနဲ့ စိတ်နှလုံး အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားအလေးထားရေးတို့ကို ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း NUGက ဆိုပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တဲ့ စစ်သုံ့ပန်းတွေအထဲမှာ စစ်အုပ်စုတပ်သားနဲ့ ပျုစောထီးဘယ်နှစ်ဦးပါဝင်တယ်ဆိုတဲ့ အချက်အလတ်အသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁ ရက်ကလည်း နိုင်ငံတစ်ဝန်းက NUGအကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား၊အကျဉ်းသူ ၁၆၉ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က နွားထိုးကြီးစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို အမှတ်-၁ စစ်ဒေသကခထုတ်ပြန်ထားပုံ။