ကြံ့ဖွတ်က ရွေးကောက်ပွဲ အပိုင်း ၁ တွင် အများစု အနိုင်ရရှိပြီးနောက် မင်းအောင်လှိုင်က တပ်တွင်း အပြောင်း အလဲများ စလုပ်၊ ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင်ကို ပြန်ခေါ်ပြီး ရေတပ်မှ ဒုဗိုလ်ချုပ်ကြီး အေးမင်းထွေးကို အရပ်ဘက်သို့ ပြောင်းရွှေ့ မည်
ရန်ကုန်၊ ဇန်နဝါရီ ၁



အကြမ်းဖက် မင်းအောင်လှိုင်က ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက နေရာအများစု အနိုင်ရရှိပြီးနောက် တပ်တွင်း အပြောင်း အလဲစလုပ်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိပြီးနောက် မင်းအောင်လှိုင်က တပ်တွင်း အပြောင်းအလဲများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း၊ ကနဦးအနေဖြင့် ရေတပ်မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရှိရသည်။
“စစ်ဦးစီးအရာရှိချုပ် ရေ ၊ ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြောင်းမယ်ဆိုတာ ဟုတ်တယ် ဗျ။ အခု တော်တော်များများဖြစ်နေတာက စစ်တပ်ထဲမှာ အခု အပြောင်းအရွှေ့တွေက တော်တော်များများ ဗိုလ်ချုပ် Level လောက်အထိကို ဒီရွေးကောက်ပွဲပြီးရင် ငါတို့ ဘာဖြစ်မယ် ၊ ဘာလုပ်ရမယ် ဆိုတာ တော်တော်များများ မသိကြဘူး။ မင်းအောင်လှိုင်နဲ့ သူတို့ Crew ။ မင်းအောင်လှိုင်ရယ် ဗိုလ်ချုပ်ကြီး ဖြစ်သွားတဲ့ သူတို့ ၃ ယောက်ရယ်ပဲ သိတဲ့ အနေအထား။ စစ်ဘက်တာဝန်တွေဆိုရင်တောင် စစ်ရာထူးခန့်ချုပ်ထက် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်လုပ်နေတဲ့ ဗိုလ်ချုပ် ရဲဝင်းဦးက ပိုပြီးတော့ သိနေတဲ့ အနေအထားမျိုးပဲ။ အဲဒီတော့ စစ်တပ်ဘက်မှာတော့ အပြောင်းအလဲတွေ အများကြီးဖြစ်လာနိုင်တယ်။ အဓိကကတော့ အရေးပါတဲ့ နိုင်ငံ ခြားရေး ပြည်ထဲရေး ကာကွယ်ရေး ဒီနေရာတွေကို သူတို့ လူတွေကို ဆွဲပြီး ထုတ်တော့မှာ။ အခု ဒီဗိုလ်ချုပ်အေးမင်းထွေး ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးက နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောင်းမယ်ဆိုတဲ့ သတင်းက မှန်ဖို့များတယ်။ မပြောင်းရင်လည်း သူက Dismiss ပေးမှာ။ဖြုတ် ထုတ်သတ် လုပ်တဲ့အချိန်လို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကလည်း ရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၏ နေရာတွင် အစားထိုးမည့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို မင်းအောင်လှိုင်က ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ တပ်တွင်း နေရာ အပြောင်းအလဲများကို ရွေးကောက်ပွဲ အပိုင်း ၁ အပြီးတွင် ဆက်တိုက် လုပ်ဆောင်ရန် ရှိနေကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း ကယားဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်ကို စစ်ရုံးသို့ မင်းအောင်လှိုင်က ပြန်လည် ခေါ်ယူထားကြောင်း ၊ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်ကို စစ်တပ်တွင် အဓိက အရေးပါသော ရာထူးကြီးတစ်ခု ပေးအပ်ရန် မင်းအောင်လှိုင်ကိုယ်တိုင် ခေါ်လိုက်ခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်မှာ ကယားပြည်နယ်ဝန်ကြီးချုပ် အဖြစ် တာဝန်မယူခင်က နေပြည်တာ်တိုင်းမှူး၊ စခန်းမှူးရုံး တာဝန်များကို ထမ်းဆောင်ခဲ့ကာ မင်းအောင်လှိုင် အထူးသဘောကျသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။