စစ်တပ်၏ ရွေးကောက်ပွဲမှာ မင်းအောင်လှိုင်နှင့် တရုတ်သမ္မတအကြား ထားရှိသည့် သဘောတူညီမှုဖြစ်ပြီး ပထမအဆင့် အပိုင်း ၁ အောင်မြင်ဟု တရုတ်ပြော
ရန်ကုန်၊ ဒီဇင်ဘာ ၃၀
အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲမှာ မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ပင်အကြား ထားရှိသည့် သဘောတူညီမှု ဖြစ်ပြီး ရွေးကောက်ပွဲ ပထမအဆင့် အပိုင်း ၁ အောင်မြင်ကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲဖော်ဆောင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင်အကြား ထားရှိသည့် သဘောတူညီမှု ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းက မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် သဘောထားပေးခြင်း အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုထားကြောင်း စစ်တပ်၏ ဝါဒဖြန့် သတင်းများတွင် ဖော်ပြထားသည်။
အလားတူ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ကလည်း ဒီဇင် ဘာ လ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၁ မဲပေးခြင်းကို ကျင်းပခဲ့ပြီး တရုတ်နိုင်ငံမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့သည် သက်ဆိုင်ရာ နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့်အတူ မဲပေးခြင်းလုပ်ငန်းစဉ်ကို တိုက်ရိုက်လေ့လာကြည့်ရှုခဲ့ကြကြောင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်မှာ ယေဘူယျအားဖြင့် တည်ငြိမ်ချောမွေ့ပြီး စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ကာ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ စတင်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြော ဆိုထားသည်။
လာမည့် ဒုတိယနှင့် တတိယအပိုင်း မဲပေးခြင်းများကိုလည်း အောင်မြင်ချောမွေ့စွာ ကျင်းပခြင်းဖြင့် မြန်မာ နိုင်ငံ ၏ အခြေအနေများ ပြန်လည်တည်ငြိမ်စေရန်၊ တင်းမာမှုများလျော့နည်းစေရန်၊ နိုင်ငံရေး အခြေအနေများ မှန်ကန်သောလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကာ ပိုမိုကျယ်ပြန့်ပြီး ပိုမိုတည်ငြိမ်သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် ကူညီပေးနိုင်မည်ဟု ယုံကြည်ကြောင်း Mr. Lin Jian က ဆိုသည်။
မင်းအောင်လှိုင်က ယခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင့်ပင်နှင့် မေလ ၉ ရက်နေ့ ရုရှားနိုင်ငံမော်စကိုမြို့တွင်လည်းကောင်း၊ ဩဂုတ်လ ၃၀ ရက်နေ့ တရုတ်နိုင်ငံတွင်လည်းကောင်း ၂ ကြိမ်တွေ့ဆုံခဲ့သည်။