ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်

ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၄၅ မိနစ်ခန့်တွင် ကမာရွတ်မြို့ နယ် ၊ အမှတ် ၃ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်၏ မြို့ နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို တော်လှန်ရေး ရဲဘော်များက ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ လုပ်စရာရှိတာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ပြည်သူတွေက တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရင်ပဲ ကျနော်တို့ ကျေနပ်နေပါပြီ ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့်ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေသူများကို ဆက်လက်၍ အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း YA မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – ရန်ကုန်မြို့အတွင်း ကင်းလှည့်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)