စစ်တပ်၏ ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းအလို မန္တလေး၊ မုံရွာနှင့်မြ၀တီမြို့နယ်တို့တွင် ပေါက်ကွဲမှုများနှင့် စစ်တပ်၏ တန်ပြန် ပစ်ခတ်မှုများကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၈







အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းအလို မန္တလေး၊ မုံရွာနှင့်မြ၀တီမြို့နယ်တို့တွင် ပေါက်ကွဲမှုများနှင့် စစ်တပ်၏ တန်ပြန် ပစ်ခတ်မှုများ ပေါ်ထွက်ခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်၊ စစ်တပ်လော်ဘီများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ယနေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန် မန္တလေးမြို့၊ နန်းတွင်းနှင့် မန္တလေးတောင်ခြေရှိ တပ်များအနီးတွင် ရှော့တိုက်ဒုံးဟု ယူဆရသော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း x ၅ လမ်း တွင် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ပထမ ရှော့တိုက်ဒုံးထင်တယ်။ မန္တလေးဘက်က နန်းတွင်းနဲ့ တောင်ခြေဘက်ကို ပစ်တာလို့ယူဆရတယ်။ ရှော့တိုက်ဒုံး ၅ လုံးလောက်ရှိမယ်။ နောက်တော့ တပ်ဘက်က ဟောင်ဝှစ်ဇာအမြောက်လို လက်နက်ကြီးတွေ ပြန်ပစ်သံကြားရတယ်။ ပြီးတော့ လူနာတင်ကားတွေ အများကြီး ထွက်သွားတာ ကြားရတယ်။ နောက်ပြီး ဒီမနက် ၃ နာရီ ၂၃ မိနစ်မှာလည်း မှာလည်း ထပ်ပြီး ပေါက်ကွဲသံတွေ ကြားရတယ်” ဟု မန္တလေးမှ တော်လှန်ရေး ကင်းထောက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းအပြင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယမန်နေ့ ညပိုင်း ဒရုန်းဗုံးများနှင့် မိုင်းပေါက်ကွဲများ ဖြစ် ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင်လည်းကောင်း၊ ယမန်နေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်တွင်လည်းကောင်း၊ ည ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်တွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာများမှာ မြ၀တီမြို့နယ် ကြံ့ဖွတ်ရုံး၊ဘုရင့်နောင်လမ်းမနှင့် အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြ၀တီမြို့ပေါ်ကတော့ တစ်ညလုံး တအုန်းအုန်းပဲ။ ဒရုန်းဗုံးနဲ့ မိုင်းတွေ ပေါက်တာလို့ ပြောတယ်” ဟု မြ၀တီမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ ညအချိန် စစ်တပ်နှင့်ရဲ၊ ပျူစောထီးများက ကင်းလှည့်နေ၍ ပြည်သူများ မည်သူမှ ထွက်မကြည့်ရဲခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၁ ကို စတင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မြ၀တီမြို့တွင် ပေါက်ကွဲမှုများကြောင့် ထိခိုပျက်စီးမှုနှင့် မန္တလေးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့စဉ်။