မကွေးတိုင်းထဲက မြို့ခြောက်မြို့မှာ တော်လှန်ရေးတပ်ပေါင်းစုက မြို့သိမ်းတိုက်ပွဲ တစ်ပြိုက်နက်ထဲ ဖော်ဆောင်သွားမယ်လို့ဆို၊

မကွေးတိုင်းထဲက မြို့ခြောက်မြို့မှာ တော်လှန်ရေးတပ်ပေါင်းစုက မြို့သိမ်းတိုက်ပွဲ တစ်ပြိုက်နက်ထဲ ဖော်ဆောင်သွားမယ်လို့ဆို၊
အီသာရမ်/MFP ၊ ဒီဇင်ဘာ-၂၆

မကွေးတိုင်းထဲက မြို့ခြောက်မြို့မှာ စစ်အုပ်စုတပ်အထိုင်စခန်းတွေကို ဒီဇင်ဘာလ ၂၃ ရက်ကစပြီး တစ်ပြုက်နက်ထဲ စစ်ဆင်ရေးတွေ ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲသွားမယ်လို့ မင်းဘူးခရိုင်စစ်ဌာန တာဝန်ရှိသူတွေက MFP ကို ဒီနေ့ပြောပါတယ်။
လက်ရှိမှာတော့ မကွေးတိုင်းထဲက ဆင်ဖြူကျွန်းမြို့နဲ့ စလင်းမြို့တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ပွင့်ဖြူမြို့၊ ဆိပ်ဖြူမြို့၊ ချောက်မြို့နဲ့ စလေမြို့တို့က စစ်အုပ်စုအထိုင်စခန်းတွေကို စစ်ဆင်ရေးတွေ ဖော်ဆောင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီမြို့တွေက တော်လှန်ရေးတပ်ပေါင်းစုတွေက အပြီးသတ်သိမ်းပိုက်နိုင်အောင် ကြိုးပမ်းနေတယ်လို့ MFPရဲ့ မကွေးတိုင်းစစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“ဒီစစ်ရေးက အပေါင်းလက္ခဏာတော့ ဖြစ်နေပါတယ်။ လက်ရှိကတော့ မြို့အကုန်လုံးကပြင်းထန်နေတယ် လက်ရှိပိုပြီး ပြင်းထန်နေတာကတော့ စလင်း ဒီနေ့ဆိုရင် ပွင့်ဖြူပေါ့၊ကျွန်တော်တို့က ဘယ်လိုပဲဖြစ်ဖြစ်ရအောင်သိမ်းမှာပါ၊ သိမ်းနိုင်တဲ့အခြေအနေရအောင်ထိ ကျွန်တော်တို့ ပြင်ဆင်ထားပြီးသွားပြီဆိုတော့”
ဒါ့အပြင် လတ်တလော စစ်ဆင်ရေးတိုက်ပွဲတွေမှာလည်း စစ်အုပ်စုတပ် အထိုင်စခန်းတွေနဲ့စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတာတွေရှိပေအဲ့ အသေးစိတ်အခြေအနေကိုတော့ စစ်ဆင်ရေးပြီးချိန်မှာ ထုတ်ပြန်မယ်လို့ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေကို စစ်အုပ်စုက စစ်ကူ‌ပို့ပေးတာ၊ လေကြောင်းပစ်ကူတာ နဲ့ လက်နက်ကြီး ပစ်ကူတာတွေကြောင့် ပြည်သူထိခိုက်သေဆုံး တာတွေလည်း ရှိနေပြီး လတ်တလောမှာတော့ အခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။
ဒီဇင်ဘာလ ၂၅ ရက်နေ့ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့‌ပေါ်တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ထွက်ခွာခွင့်ပြုထားပြီး ပြည်သူသောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်ရှိနေသေးတဲ့ မရွှေ့မပြောင်းနိုင်သူတွေကို လူမှုကူညီရေးအသင်းတွေက ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ ပြုလုပ်မယ့် စစ်အုပ်စုရွေးကောက်ပွဲကို ဆင်ဖြူကျွန်း၊စလင်း၊ပွင့်ဖြူ‌၊ချောက်မြို့၊ဆိပ်ဖြူနဲ့စလေမြို့တို့မှာကျင်းပဖို့ စစ်အုပ်စုက ပြင်ဆင်နေတာဖြစ်ပြီး အခုလို တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်အု့ပ်စုပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ အဲဒီမြို့တွေမှာ မပြုလုပ်နိုင်တော့ဘူးလို့ဆိုပါတယ်။
လက်ရှိ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေကို မင်းဘူးခရိုင်စစ်ဌာနအောက်ကခရိုင်တပ်ရင်းတွေ၊မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ တပ်ပေါင်းစုအနေအထားနဲ့ပြင်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။