ရေတာရှည်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မဲရုံတွေကို နေပြည်တော်PDF တိုက်ခိုက်

ရေတာရှည်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မဲရုံတွေကို နေပြည်တော်PDF တိုက်ခိုက်
ဒီဇင်ဘာ – ၂၅၊၂၀၂၅ ၊ ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မဲရုံနေရာတွေကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ဒီကနေ့ (ဒီဇင်ဘာ၂၅ရက်)မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဟန့်တားတိုက် ဖျက်တဲ့စစ်ဆင်ရေးကို နေပြည်တော် PDF တပ်ရင်းတွေစုဖွဲ့ပြီး ဒီဇင်ဘာ ၂၃ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ဆင်ရေးလုပ်ရတဲ့ ရည်ရွယ်ချက်နှစ်ချက်ရှိတယ်။တစ်ချက်က စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နယ်တွေမှာ အဓိက နေပြည်တော် နဲ့အနီးတဝိုက် ကျေးလက်တွေမှာလုပ်လို့ မရအောင် ရည်ရွယ်တယ်။နောက်တချက်က နယ်မြေစိုးမိုးဖို့။အဲဒီရည်ရွယ်ချက်နှစ်ခုနဲ့ပေါင်းပြီးလုပ်တဲ့ စစ်ဆင်ရေးဖြစ်တယ်”လို့ နေပြည်တော်တိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျ်ာက ပြောပါတယ်။
စစ်ကောင်စီတပ်အထိုင်စခန်းချ ကျေးရွာတွေဖြစ်တဲ့ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ဆွာမကြီး၊ ရွာသစ်၊ အိုးမြေဒူးကျေးရွာတွေနဲ့ အနောက်ဘက်ကမ်းက ခင်တန်းလေးကျေးရွာတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ကောင်စီအထိုင်စခန်းချပြီး မဲရုံတည်ဆောက် ထားတဲ့ ဆွာမကြီးကျေးရွာနဲ့ အဲဒီရွာကို အကာ အကွယ်ပေးထားတဲ့ ရွာသစ်ကျေးရွာ အထိုင်စခန်းတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အထိုင်စခန်းတချို့နဲ့မဲရုံနေရာတွေကို ရှင်းလင်းနိုင်ခဲ့တယ် လို့ ဖော်ပြပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ထွက်ပြေးခဲ့ကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်တောင်းအနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းကို စစ်ကူ အင်အားတွေ ဖြည့်တာ လေယာဉ်နဲ့ဗုံးကြဲတာအပြင်လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးတာတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ စနစ်တကျရွှေ့ပြောင်းပေးခဲ့ပြီး တိုက်ပွဲကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ် နေရာဖြစ်တဲ့ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တစ်ခုတည်းမဲရုံဖြစ်တဲ့ ဆွာမကြီးကျေးရွာမဲရုံကို စစ်တောင်းအနောက်ဘက်ကမ်းရွှေ့ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက အသိပေးပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုတားဆီးနိုင်ဖို့အတွက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေ အားလုံးကို ဖြစ်နိုင်တဲ့နည်းလမ်းတွေအားလုံးနဲ့ ဟန့်တားသွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲကို မဲမထည့်ပဲ ဆန့်ကျင်တားဆီးပေးကြဖို့ တိုက်တွန်းထားပါတယ်။
(ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေနဲ့ မဲရုံနေရာတွေကို နေပြည်တော် PDF တိုက်ခိုက်အပြီး တွေ့ရစဉ်။
ဓာတ်ပုံ – နေပြည်တော် PDF)