ရေးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၉ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်၊ ရေးမြိုနယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၉ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေးမြိုနယ် မြောက်ပိုင်း ကတိုးဆိပ်ရွာနှင့် နှစ်ကရင်ရွာ အကြား စစ်ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ထိတွေ့ တိုက်ပွဲသည် ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်အထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၉ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် မွန်ပြည်တော်လှန်ရေးတပ်မှ တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
“စစ်ကြောင်းထိုးလာတာက အင်အား ၁၅၀ လောက်ရှိတယ်။ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ကနေ စတင်ဖြစ်ပွားတာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အထိ တိုက်ပွဲကြာမြင့်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၉ ဦးလောက် သေဆုံးပါတယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာရတာကလည်း ၁၀ ဦးလောက်ရှိတယ်။ ကျနော်တို့ မွန်ပြည်တော်လှန်ရေးတပ် ဘက်က တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးလည်း ဖက်ဒရယ်ဒီမိုကရေစီအရေးတိုက်ပွဲ၌ မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်” ဟု Mon State Revolutionary Force – MSRF မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ခံတပ်ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။