မိုးကုတ်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၂၄ ရက်နေ့ထိ တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံးကာ ၃ ဦး အရှင်ဖမ်းမိပြီး ကျေးရွာ ၁ ရွာနှင့် စစ်တပ်၏ စိုးမိုးကုန်း ၁ ခုကို ထပ်မံ သိမ်းပိုက်ရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၂၄ ရက်နေ့ထိ တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံးကာ ၃ ဦး အရှင်ဖမ်းမိပြီး ကျေးရွာ ၁ ရွာနှင့် စစ်တပ်၏ စိုးမိုးကုန်း ၁ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ မိုးကုတ်မြို့နယ်၌ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် အကြမ်းဖက် စစ်တပ် အကြား တိုက်ပွဲကြီး ၆ ကြိမ် နှင့် ထိတွေ့ တိုက်ပွဲငယ် ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၁၈ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၃ ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် ခြေကုတ်ယူထားသော မိုးကုတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁ ရွာ နှင့် စိုးမိုးကုန်း ၁ ခုကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထပ်မံသိမ်းပိုက် ရရှိထားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် ၏ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းများအား တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အထူးစစ်ဆင်ရေးများဖော်ဆောင်၍ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်မှုများကြောင့် ရန်သူအနေဖြင့် ထိခိုက်ကျဆုံးမှုများလည်း ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) အနေဖြင့် ပြည်သူလူထုနှင့်အတူ လက်တွဲလျက် မိုးကုတ်မြို့နယ် နှင့် မိုးမိတ်မြို့နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်အား ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ပြောဆိုထားသည်။