တစ်နိုင်ငံလုံး လွှမ်းခြုံသော မဟာဗျူဟာမြောက် စစ်ဆင်ရေး စီမံချက်ကို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ရေးဆွဲနေ

တစ်နိုင်ငံလုံး လွှမ်းခြုံသော မဟာဗျူဟာမြောက် စစ်ဆင်ရေး စီမံချက်ကို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ရေးဆွဲနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံသော မဟာဗျူဟာမြောက် စစ်ဆင်ရေး စီမံချက်ကို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ရေးဆွဲနေကြောင်း အဆိုပါ တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဒုတိယဥက္ကဋ္ဌ ၁ လည်းဖြစ်သူ ရဲဘော် မင်းဟန်ထက် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ၏ ဖွဲ့စည်းပုံတွင် ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး မကြာခင်တွင် မဟာဗျူဟာမြောက်စစ်ဆင်ရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွင် ကနဦးအဖွဲ့ဝင် ၁၉ ဖွဲ့ ပါဝင်ပြီး၊ ၎င်းအဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေး၏ နေရာအသီးသီးမှ လှုပ်ရှားတိုက်ပွဲဝင်ကာ စစ်ရေးဖော်ဆောင်နေကြသည့် အဖွဲ့များဖြစ်ပြီး စစ်ဆင်ရေးစီမံချက်များ ချမှတ်ရာတွင် တစ်နိုင်ငံလုံးကို လွှမ်းခြုံစဉ်းစားနိုင်သည့် အားသာချက်ရှိကြောင်း၊ တပ်ပေါင်းစုအနေဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်ရာတွင် နေရာတိုင်းကို အဓိကထားသည်ထက် မဟာဗျူဟာကျသည့် နေရာများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် မဟာဗျူဟာမြောက် စစ်ဆင်ရေးများကို အတိုင်းအတာတစ်ခုအထိ ဆွေးနွေးနေခြင်း၊ ရေးဆွဲနေခြင်းများ ရှိနေပြီး နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု၏ ဖွဲ့စည်းပုံတွင် ကော် မတီတစ်ခုကို ဖွဲ့စည်းထားပြီး၊ ထိုကော်မတီတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက အချိုးကျ ပါဝင်ပြီး မဟာဗျူဟာမြောက်သည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ အားကောင်းကောင်းဖြင့် ဆွေးနွေးနိုင်ခြင်းနှင့် တစ်နိုင်ငံလုံး လွှမ်းခြုံပြီး စဉ်းစားနိုင်ခြင်းသည် စီမံချက်များ ချမှတ်ရာတွင် ပိုမိုကျယ်ပြန့်စေသည့် အားသာချက် ဖြစ်ကြောင်း၊ လူအားဖြင့် ပါဝင်ခြင်း၊ လက်နက်ခဲယမ်း၊ နည်းပညာ စသည်ဖြင့် ချိတ်ဆက်နိုင်သော ကိစ္စရပ်အားလုံးကို တပ်ပေါင်းစုအနေဖြင့် ချိတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးစီးကော်မတီက နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု၏ လုပ်ငန်းစဉ်များ၊ မဟာဗျူဟာကျသည့် စစ်ဆင်ရေးဆောင်ရွက်မှုများကို အဓိက ကွပ်ကဲတာဝန်ယူဆောင်ရွက်မည့် ကော်မတီဖြစ် ကြောင်း၊ ပိုမို ကျစ်လစ်သည့် ပုံစံမျိုး ဖြင့် ဖွဲ့စည်းထားခြင်းကြောင့် မကြာခင်တွင် စစ်ဆင်ရေးလုပ် ငန်းစဉ်များကို စတင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
“နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှာ အစောပိုင်းကတည်းက နေရာအနှံ့ လှုပ်ရှားတိုက်ပွဲဝင် နေတဲ့ ၁၉ ဖွဲ့ ပါဝင်ပါတယ်။ ဒါကြောင့် တပ်ပေါင်းစုရဲ့ အင်အားက နေရာတိုင်းမှာ ရှိနေတယ်လို့ ပြောလို့ရတယ်။ စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့အခါ ဘယ်နေရာကို အဓိကထားမယ်ဆိုတာထက် မဟာ ဗျူ ဟာကျတဲ့ နေရာတွေကို ရွေးချယ်သွားမှာပါ။ အဖွဲ့ဝင်အားလုံးကလည်း လူ၊ လက်နက်၊ နည်းပညာ စသဖြင့် ကိုယ့်ဘက်က ပံ့ပိုးနိုင်တာအားလုံးကို တပ်ပေါင်းစုအနေနဲ့ ချိတ်ဆက်ပါဝင် ကြရမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း မဟာဗျူဟာမြောက်တဲ့ စစ်ဆင်ရေးစီမံချက်တွေကို တစ်နိုင်ငံလုံးခြုံငုံပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး၊ ရေးဆွဲနေပါတယ်။ ဒီလို စဉ်းစားနိုင်တာဟာ ကျွန်တော်တို့ရဲ့ အားသာချက်ပါ။ နောက်တစ်ခုကတော့ တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်နဲ့ စစ်ဆင်ရေးတွေကို ကွပ်ကဲဖို့အတွက် အဖွဲ့အစည်းကိုယ်စားလှယ်များ ပါဝင်တဲ့ ကော်မတီတစ်ခုကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားပြီးပါပြီ။ ဒီအတွက်ကြောင့် မကြာခင်မှာပဲ စစ်ဆင်ရေးလုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်သွားရတော့မှာ ဖြစ်ပါတယ်” ဟု ရဲဘော် မင်းဟန်ထက် က ပြောဆိုသည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRA တွင် ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ – KNDF ၊ ချင်းညီနောင် – CB ၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော်-BPLA ၊ ဗမာ့တပ် တော် – BA ၊ 96 Soldiers PDF ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ၊ ဓနုပြည်သူ့ လွတ် မြောက်ရေးတပ်တော် – DPLF ၊ Force for Federal Democracy – FFD ၊ Generation Z Army- GZA ၊ ကလေး ဒေသတော်လှန်ရေးတပ် – KRF ၊ မကွေးပြည်သူ့ကာကွယ်ရေးမတော် – Magway PDF ၊ မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် – NLA ၊ ပြည်သူ့လွတ် မြောက်ရေးတပ်တော် – PIA ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေး တပ် (ခမ်းဒေါင်)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် – Sagaing PDF ၊ ကျောင်း သားလက်ရုံးတပ်တော် – SAF ၊ ယောတပ်တော် – YA နှင့် ယောကာကွယ်ရေးတပ် – YDF တို့ဖြစ် ကြောင်း သိရသည်။