ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ဟု စစ်တပ်က ထုတ်ပြန်လာသော်လည်း သက်သေတစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသည့်အပြင် မည်သူနှင့်မှလည်း တွေ့ဆုံခွင့်မပေး

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ဟု စစ်တပ်က ထုတ်ပြန်လာသော်လည်း သက်သေတစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသည့်အပြင် မည်သူနှင့်မှလည်း တွေ့ဆုံခွင့်မပေး
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း အကြမ်း ဖက် စစ်တပ်က ယနေ့ သတင်းထုတ်ပြန်လာသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်သော ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် သက်သေတစ်စုံတစ်ရာ ပြန်လာခြင်းမရှိပေ။
အကြမ်းဖက်စစ်တပ်က အကျဉ်းချထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကင်မ်အဲရစ်က ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက်ပြောဆိုလာမှုမှာ သတင်းတု၊ သတင်းအမှားသာဖြစ်ပြီး ပုံကြီးချဲ့လှုဆော်ဝါဒဖြန့်ဝေမှုသာဖြစ်ကြောင်း စစ်တပ်က ဆိုသည်။
စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း၊ မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကို နှောင့်ယှက်လိုသည့်အတွက် အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း စစ်တပ်က မကြာခဏ ထုတ်ပြန်လေ့ရှိသော် လည်း ရှေ့နေအဖွဲ့ကိုသော်လည်းကောင်း၊ သားဖြစ်သူ ကင်မ်အဲရစ်ကိုသော်လည်းကောင်း တွေ့ဆုံခွင့်ပေးခြင်းမရှိပေ။
ကင်မ် အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်း က မိခင်ဖြစ်သူ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ထံမှ နှစ်များစွာ အဆက်အသွယ်မရရှိတော့ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှလုံးရောဂါ၊ အရိုးနှင့် သွားဖုံးဆိုင်ရာ ကျန်းမာရေးပြဿနာများအကြောင်းကို တစ်ဆင့်စကားဖြင့်သာ မကြာခဏ ကြားသိရကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲလိမ်လည်မှုများအပါအဝင် စွဲချက်များအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စွဲချက်အားလုံးကို ငြင်းဆိုထားသည်။
လွန်ခဲ့သည့် ၂ နှစ်က မိခင်ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင် ရရှိခဲ့ပြီး ဆောင်းရာသီနှင့် နွေ ရာသီများအတွင်း ၎င်း၏ အခန်းတွင်း အပူချိန်လွန်ကဲမှုအကြောင်းကို ညည်းညူထားကြောင်း ၊ ယင်းနောက် ၂ နှစ်အတွင်း မည်သူကမှ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရတော့သဖြင့် သေဆုံးပြီးဖြစ်နိုင်ကြောင်း ရိုက်တာ သတင်းဌာနထံသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။